Eleven Media Group

■ ဆလော့အတွက် ကစားသမားသစ်များ ခေါ်ယူပေးရန် လီဗာပူးလ်တာဝန်ရှိသူများကို အသင်းဂန္ထဝင် ကန်နီဒဲလ်ဂလစ်ရှ် တိုက်တွန်း

လီဗာပူးလ်ဂန္ထဝင် ကန်နီဒဲလ်ဂလစ်ရှ်က လာမည့်ရာသီတွင် နည်းပြ ဆလော့အတွက် ကစားသမားသစ်များ ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်နှင့် လမ်းခွဲပြီးနောက် ၎င်း၏နေရာတွင် ဒတ်ချ်လူမျိုးနည်းပြ အာနယ်ဆလော့ကို အစားထိုးခန့်အပ်ခဲ့သည်။

ရာသီမစတင်မီက လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် နည်းပြသစ်နှင့် ရုန်းကန်ရမည်ဟု သုံးသပ်ခဲ့ကြသော်လည်း ဆလော့သည် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးရန် (၄) ပွဲအလိုမှာပင် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ဆလော့လက်ထက်တွင် ပြီးခဲ့သည့်နွေရာသီက ခီယေဆာတစ်ဦးတည်းကိုသာ ပေါင် ၁၂ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ဆလော့အနေဖြင့် ရှိသည့်လူစာရင်းနှင့် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပြီး လီဗာပူးလ်နည်းပြဘဝ ပထမဆုံးရာသီမှာပင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ လီဗာပူးလ်ဂန္ထဝင် ကန်နီဒဲလ်ဂလစ်ရှ်က လာမည့်ရာသီတွင် အသင်းနည်းပြ ဆလော့အတွက် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပေးရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ကန်နီဒဲလ်ဂလစ်ရှ်က "ဆလော့က ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့သူပါ။ တကယ်လို့ သူ ကစားသမားတွေ လိုချင်တယ်ဆိုရင် အသင်းက သူ့ကို ထောက်ပံ့ပေးရမှာပါ။ အသင်းက သူ့အတွက် ငွေကြေးထောက်ပံ့ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုအချိန်မှာ ဆလော့ရဲ့စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ အသင်းမှာ ရှိတဲ့လူတိုင်း ကျေနပ်နေကြ ပါတယ်"ဟု ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group