Myanmar Transparency News

ဘတ္ထရီအိုးအပူလွန်ကဲရာမှ ခြောက်ဘီးမော်တော်ယာဥ်မီးလောင်မှု ကွမ်းခြံကုန်းတွင် ဖြစ်ပွား

၃.၅.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာအုပ်စု၊ ထန်းတောအပိုင်း၊ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် မေလ ၂ ရက် နံနက် ၁ နာရီ ၂၉ မိနစ်ခန့်က ဖွဲနုအိတ်များ တင်ဆောင်ထားသော ခြောက်ဘီးမော်တော်ယာဥ်တစ်စီးမှာ ဘတ္ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၆၀ ပေ၊ အနံ ၈၀ ပေရှိ သွပ်မိုး၊ သံတိုင်ထောင်“ဒေါ်လာဝင်း” ယာဉ်ပြုပြင်ရေးအလုပ်ရုံတွင် ဖွဲနုအိတ် တင်ထား​သော NISSAN CONTER အမျိုးအစား၊ ခြောက်ဘီး အဝါရောင်ယာဉ်တစ်စီး ရပ်နားထားစဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ခြောက်ဘီးယာဥ်၏ ခေါင်းခန်းအောက်ရှိ ဘတ္ထရီအိုးနှင့် သွယ်တန်းထားသော ဝိုင်ယာကြိုးပေါက်ပြဲကာ ယာဉ်ဘော်ဒီနှင့်ထိမိရာမှ ဘတ္ထရီအိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ခုနစ်မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ယာဉ်၏ခေါင်းခန်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ယာဉ်မောင်း ဦးဟိန်းမင်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ကွမ်းခြံကုန်းမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News