Myanmar Transparency News

မြင်းမူမြို့က ရွှေဧကရာဇ် ရွှေဆိုင်ကိုဓားပြတိုက်တဲ့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က PDF တွေကို ငါန်းဇွန် PDF တွေ ပြန်ဖမ်း

၃. ၅. ၂၀၂၅
Written by Nay Moe

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့က ရွှေဧကရာဇ်ရွှေဆိုင်ကို ဓားပြတိုက်သွားတဲ့ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့က PDF တွေကို ငါန်းဇွန် PDF ၊ ပကဖ၊ ပလဖတို့က စုပေါင်းဖမ်းဆီးပြီး လက်နက်တွေနဲ့အတူ မြင်းမူမြို့နယ် ပကဖထံကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ NUG ရဲ့ PVTV က ဒီမနက်မှာ သတင်းဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်မနက်ပိုင်းမှာ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့က PDF တွေ ဓားပြတိုက်မှုက လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့တာကြောင့် မတတ်သာတဲ့အဆုံးမှာ ငါန်းဇွန် PDF တွေက ဓားပြတိုက်တဲ့ မြင်းမူလျှပ်စီးအဖွဲ့ကို ဖမ်းလိုက်ကြတာပါ။ မြင်းမူလျှပ်စီး PDF တွေဟာ ၂၀၂၁ ကတည်းက PDF အဖြစ် ပေါ်ထွက်လာခဲ့တဲ့ NUG လက်အောက်ခံအဖွဲ့ဖြစ်ပေမဲ့ PVTV ကတော့ ဓားပြတိုက်တဲ့အဖွဲ့အမည် မထုတ်ပြန်သလို တော်လှန်ရေးအမည်ခံအဖွဲ့လို့ပဲ ယုန်ထင်ကြောင်ထင်ဖြစ်အောင် သုံးနှုန်းထားပါတယ်။ ဒီ့အတွက်လည်း PVTV ထုတ်ပြန်ချက်အောက်မှာ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ဟာ PDF အစစ်ဖြစ်ကြောင်း၊ တော်လှန်ရေးအမည်ခံအဖွဲ့မဟုတ်ကြောင်း ဝေဖန်ရေးသားနေတာလည်း တွေ့ရပါတယ်။

“ငါန်းဇွန်နယ်ဘက်ကို ကူးလာတဲ့အချိန်မှာ မြင်းခြံခရိုင် ရင်း ၆၊ ငါန်းဇွန်ပကဖ၊ ငါန်းဇွန် ပလဖတို့ ပေါင်းပြီးတော့ ဖမ်းလိုက်တာပါ” လို့ သတင်းရင်းမြစ်က ပြောတဲ့အကြောင်းလည်း PVTV က ဖော်ပြပါတယ်။

ဓားပြတိုက်ရာမှာ ပါသွားတဲ့ ပစ္စည်းတွေကို ပိုင်ရှင်လက်ထဲကို ပြန်လည်အပ်နှံ့လိုက်တယ်ဆိုတာနဲ့ ဓားပြတိုက်ခဲ့တဲ့ မြင်းမူလျှပ်စီး PDF အဖွဲ့ကို မြင်းမူမြို့နယ် ပကဖထံ လက်နက်တွေနဲ့တကွ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း PVTV ဖော်ပြထားပါတယ်။ မြင်းမူလျှပ်စီးပြောက်ကျား PDF တွေ ရွှေဧကရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးနိုင်စိုးကို ဓားပြတိုက်စဥ်က ကျပ်သိန်း ၂၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေနဲ့ငွေသားတွေအ​ပြင် Light Truck ယာဥ်တစ်စီးပါ လုယက်သွားကြောင်း သတင်းဖော်ပြခဲ့ပေမဲ့ PVTV က ဖော်ပြတဲ့သတင်းမှာတော့ ကားပုံပါဝင်တာ မတွေ့ရသလို အကုန်လုံးပြန်ပေး မပေး အသေးစိတ်လည်း မဖော်ပြထားတာကြောင့် MT News က မြင်းမူပကဖအဖွဲ့ထံ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က PDF တွေရဲ့ ဓားပြတိုက်မှုဖြစ်စဥ်အပေါ် ဆက်လက်လုပ်ဆောင်မှုကို ဆက်သွယ်မေးမြန်းနေပါတယ်။

မူရင်းသတင်း — Myanmar Transparency News