Eleven Media Group

■ မန်စီးတီးအသင်းနှင့် လမ်းခွဲပြီးနောက် နည်းပြအလုပ်မှ ခေတ္တအနားယူမည်ဟု ဂွါဒီယိုလာ အတည်ပြုပြောကြား

Photo: Man City

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းနှင့်လမ်းခွဲပြီးနောက် နည်းပြအလုပ်မှ ခေတ္တအနားယူမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ဂွါဒီယိုလာ(၅၄ နှစ်)သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် မန်စီးတီးအသင်းနှင့် နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ ၂၀၂၇ ခုနှစ် နွေရာသီအထိ ဆက်ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ စာချုပ်ကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်အထိ ဆက်လက်ကိုင်တွယ်ဖြစ်ပါက ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်း၌ ၁၁ နှစ်အထိရှိနေမည်ဖြစ်ပြီး နည်းပြသက်တမ်းတစ်လျှောက် အချိန်အကြာဆုံးကိုင်တွယ်သည့် အသင်းလည်းဖြစ်သည်။

မေ ၂ ရက်က Sky Sports သတင်း ဌာနနှင့်တွေ့ဆုံစဉ် ဂွါဒီယိုလာက ''စီးတီးနဲ့ ကျွန်တော့်ရဲ့စာချုပ် ပြီးသွားတဲ့အခါကျရင် ကျွန်တော်ရပ်လိုက်မှာ သေချာပါတယ်။ အနားယူဖြစ်မလားဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ အချိန်ခဏတော့ အနားယူဖြစ်မှာပါ။ အခုချက်ချင်း ဒါမှမဟုတ် ရာသီကုန် ဒါမှမဟုတ် စာချုပ်ကုန်ချိန်မှာ လမ်းခွဲမယ်လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော်ပြောတာက ဒီနေရာမှာ ကျွန်တော့်အချိန် ပြီးသွားတဲ့အခါကျရင်လို့ ပြောတာပါ။ အဲဒါက တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် ခဏအနားယူမှာပါ။ ကျွန်တော် အနားယူလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ခဏတော့ နားဖြစ်မှာပါ။ ကျွန်တော်ပြောချင်တာက ဒီနေရာမှာ အဆုံးသတ်ပြီးရင် ကျွန်တော် ခဏနားဖြစ်မှာပါ''ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက ''ကျွန်တော့်ကို ဘယ်လိုပုံစံမျိုး အမှတ်ရနေစေချင်လဲဆိုတာ မသိပါဘူး။ ကျွန်တော့်ကို လူတွေအမှတ်ရနေစေချင်ပေမဲ့ သူတို့ကိုယ်တိုင်ဆန္ဒရှိမှပါ။ နည်းပြအားလုံးက အမှတ်ရစရာအလုပ်တစ်ခုရဖို့အတွက် ဆုဖလားတွေ ရယူချင်ကြတယ်။ ဒါပေမဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ စီးတီးပရိသတ်တွေက ကျွန်တော့်အသင်းတွေ ကစားပုံကြည့်ရတာ ပျော်ရွှင်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုအမှတ်ရနေမလားဆိုတာ စဉ်းစားသင့်တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ သေသွားတဲ့အခါကျရင် မိသားစုဝင်တွေက နှစ်ရက်၊ သုံးရက်လောက် ငိုကြမယ်။ ပြီးသွားရင် ခင်ဗျားကို မေ့သွားမှာပါ။ နည်းပြတွေရဲ့အလုပ်က ကောင်းခြင်း၊ ဆိုးခြင်းတွေ ရှိပါတယ်။ အရေးကြီးတာက ကောင်းတဲ့အမှတ်တရတွေကို အချိန်ကြာကြာ အမှတ်ရနေစေဖို့ပါပဲ''ဟု ဆက်လက်ပြောကြားသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းအား ၂၀၁၆ ခုနှစ် ဇူလိုင်မှစ၍ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ကိုးနှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ်၊ FA ဖလား နှစ်ကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ ကွန်မြူနတီဒိုင်း သုံးကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ရရှိထားသည်။

ယခုရာသီအတွက် ဆုဖလားမျှော်လင့်ချက်အဖြစ် FA ဖလားဗိုလ်လုပွဲ တက်ရောက်ထားသည်။

မူရင်းသတင်း — Eleven Media Group