
လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် အသေးစားငလျင်ကဲ့သို့ တုန်ခါမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၇ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် ၃၄ တွင် လီဗာပူးလ်အသင်းက စပါးအသင်းအား အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် အနိုင်ရပြီးနောက် လက်ကျန်လေးပွဲအလိုမှာပင် ချန်ပီယံဖြစ်ခဲ့သည်။
လီဗာပူးလ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပရိသတ်များ၏ အောင်ပွဲခံမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုပြင်းအားကို ငလျင်လှုပ်ခတ်မှုစစ်ဆေးသည့် စက်ကိရိယာများအသုံးပြု၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်တမ်းအရ (၂-၁) ဂိုးဖြင့် ပြန်လည်ဦးဆောင်ခွင့်ရမည့်ဂိုးကို အယ်လစ္စတာ သွင်းယူပြီးနောက် အောင်ပွဲခံမှုကြောင့် ရစ်ချ်တာစကေး ၁ ဒသမ ၇၄ အဆင့် တုန်ခါမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စတုတ္ထမြောက်ဂိုးကို ဆာလာသွင်းယူပြီးနောက် ၁ ဒသမ ၆၊ နောက်ဆုံးဂိုးကို အူဒိုဂီ Own Goal သွင်းယူမိစဉ် ၁ ဒသမ ၃၅၊ တတိယဂိုးကို ဂက်ပို သွင်းယူပြီးနောက် ၁ ဒသမ ၀၃၊ ချေပဂိုးဖြစ်သည့် ပထမဆုံးဂိုးကို လူးဝစ်ဒီယက်ဇ်သွင်းယူပြီးနောက် ၀ ဒသမ ၆၄ အဆင့် တုန်ခါမှုများဖြစ်ပေါ်ခဲ့သည်။
''လွန်ခဲ့တဲ့နှစ်တွေကတည်းက ဖျော်ဖြေပွဲတွေနဲ့ အားကစားပွဲတွေမှာ အခုလောက် ပြင်းအားရှိတဲ့ ငလျင်အချက်ပြမှုတွေ တွေ့ရှိခဲ့တာပါ။ အဲဒါက တကယ့်ငလျင်ဖန်တီးမှု မဟုတ်ဘဲ လူစုလူဝေးခုန်ပေါက်တာ၊ ကခုန်တာကနေ ထွက်ပေါ်လာတာပါ''ဟု ငလျင် ပညာရှင် ကယ်လမ်ဟာရစ်ဆင်က ပြောကြားသည်။