
မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ဘရန့်ဖို့ဒ်နှင့်ပွဲတွင် လူငယ်ကစားသမားအများစုကို အသုံးပြုခဲ့သည့်အတွက် ပွဲထွက်ကစားသမား(၁၁)ဦး၏ ပျမ်းမျှအသက်မှာ (၂၂)နှစ်နှင့် (၂၇၀)ရက်သာရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ တတိယအသက်အငယ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် မန်ယူအသင်း၏ ပျမ်းမျှအသက်အငယ်ဆုံး ပွဲထွက်(၁၁)ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ယင်းပွဲတွင် ဘာယင်ဒါ(၂၇ နှစ်)၊ ဖရက်ဒရစ်ဆန်(၂၀ နှစ်)၊ ဒယ်လစ်(၂၅ နှစ်)၊ လုခ်ရှော(၂၉ နှစ်)၊ ဒေါ်ဂူ(၂၀ နှစ်)၊ အူဂါတေ(၂၄ နှစ်)၊ မိန်နူး (၂၀ နှစ်)၊ အမ်မတ်စ်(၁၈ နှစ်)၊ မေဆန်မောင့်(၂၆ နှစ်)၊ ဂါနာချို(၂၀ နှစ်)၊ ချီဒိုအိုဘီ(၁၇ နှစ်)တို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပျမ်းမျှအသက် (၂၂)နှစ်၊ (၂၇၀) ရက်ဖြင့် ပရီးမီးယားလိဂ်သမိုင်း၌ တတိယအသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်တွင် ပျမ်းမျှအသက်အငယ်ဆုံးအဖြစ် စံချိန်တင်ထားသည်မှာ ၂၀၀၆ မေလက ဖူလ်ဟမ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပျမ်းမျှအသက် (၂၀)နှစ်၊ (၁၈၁)ရက်သာရှိသောလူစာရင်းကို ပွဲထုတ်ခဲ့သည့် မစ်ဒယ်ဘရော့အသင်းဖြစ်ပြီး ပျမ်းမျှအသက် ဒုတိယအငယ်ဆုံးမှာ ၂၀၀၉ မေလက ပို့စ်မောက် နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပျမ်းမျှအသက် (၂၂)နှစ်၊ (၂၃၇) ရက်သာရှိသော လူစာရင်းကို ပွဲထုတ်ခဲ့သည့် အာဆင်နယ်အသင်းတို့ဖြစ်သည်။
မန်ယူအသင်းသည် လာမည့်ကြာသပတေးနေ့တွင် ဘီလ်ဘာအိုအသင်းနှင့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရန် ရှိနေသောကြောင့် ယခုပွဲ၌ အမာခံကစားသမားများကို အနားပေးကာ အရန်ကစားသမားများနှင့် လူငယ်များကို အဓိကအသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခုပွဲတွင် မန်ယူအသင်း၏ တိုက်စစ်မြားဦး၌ ကစားခွင့်ရခဲ့သည့် ဆယ်ကျော်သက်တို်က်စစ်မှူး ချီဒိုအိုဘီမှာလည်း ပရီးမီးယားလိဂ်၌ မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်ရသည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။
ချီဒိုအိုဘီသည် ယင်းပွဲကစားချိန်တွင် အသက် (၁၇)နှစ်နှင့် (၁၅၆)ရက်သာရှိသေးသောကြောင့် ဂရင်းဝုဒ်၏ စံချိန်ကို ကျော်ဖြတ်ကာ အငယ်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ချီဒိုအိုဘီသည် ဒိန်းမတ်၊ နိုင်ဂျီးရီးယားနှင့် အင်္ဂလန်လက်ရွေးစင်အသင်းများကို ကိုယ်စားပြုခွင့်ရှိနေသူဖြစ်ပြီး ယခုနှစ်အတွင်းတွင် ဒိန်းမတ်ယူ-၂၁ အသင်းအတွက် ကစားပေးထားသူဖြစ်သည်။
မန်ယူအသင်းသည် ၎င်းကို ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းထံမှ ၂၀၂၄ နွေရာသီတွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစ၍ လူစားဝင်ကစားသမားအဖြစ် စတင်အသုံးပြုခဲ့သည်။
ဘရန့်ဖို့ဒ်နှင့်ပွဲ၌ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ချီဒိုအိုဘီအား ပွဲထွက်ကစားသမားအဖြစ် အခွင့်အရေးပေးခဲ့ခြင်းနှင့် ပတ်သက်၍ မန်ယူနည်းပြ အာမိုရင်မ်က ''ကျွန်တော်တို့ အနေနဲ့ လူငယ်ကစားသမားတွေအပေါ် အာရုံစိုက်ဖို့ လိုပါတယ်။ ဒီပွဲက ချီဒိုအတွက် ပွဲကြီးမဟုတ်ပါဘူး။ ဒီအချက်က ချီဒိုအတွက် အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ချီဒိုအပေါ် ဖိအားတွေအများကြီး မရှိစေချင်ပါဘူး။ ဝုလ်ဗ်နဲ့ပွဲမှာ သူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တောင်းဆိုမှုတွေကို ရင်ဆိုင်ဖို့ သူ အသင့်ဖြစ်နေပြီလို့ ကျွန်တော် ခံစားရပါတယ်''ဟု ပြောကြားခဲ့သည်။