
ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of Honour ပြုလုပ်၍ ကြိုဆိုခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)တွင် စပါးအသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။
ထို့ကြောင့် ချန်ပီယံအဖြေထွက်ပြီးနောက် ပထမဆုံးရင်ဆိုင်ရသည့်ပွဲတွင် ချယ်လ်ဆီးအသင်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ Guard of Honour ပြုလုပ်၍ ဂုဏ်ပြုကြိုဆိုခဲ့ခြင်းဖြစ်သည်။
Guard of Honour ပြုလုပ်ခြင်းဆိုသည်မှာ ချန်ပီယံအသင်းမှ ကစားသမားများ ကွင်းအတွင်း ဝင်ရောက်လာသည်ကို ကြိုဆိုသည့်အသင်းမှ ကစားသမားများက မျက်နှာချင်းဆိုင် နှစ်ဖက်ခွဲရပ်၍ လက်ခုပ်တီးကြိုဆိုခြင်းဖြစ်သည်။
စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချယ်လ်ဆီးကစားသမားများက လီဗာပူးလ်ကစားသမားများအား ယင်းကဲ့သို့ ဂုဏ်ပြုကြိုဆိုခဲ့ကြသော်လည်း ချယ်လ်ဆီးပရိသတ်များကမူ အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် Guard of Honour ဖြင့် ဂုဏ်ပြုကြိုဆိုသည့်အလေ့အထမှာ နှစ်ပေါင်း(၂၀)ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပထမဆုံးကြိုဆိုခံရသည့်အသင်းမှာ မန်ယူအသင်း ဖြစ်သည်။
၂၀၀၂-၀၃ ရာသီ၌ ပွဲမကုန်မီ ချန်ပီယံဖြစ်ခဲ့သည့် မန်ယူအသင်းကို အဲဗာတန်အသင်းက ဂွတ်ဒီဆင်ပတ်ခ်ကွင်းတွင် ဂုဏ်ပြုကြိုဆိုခဲ့ခြင်းဖြစ်သည်။
Guard of Honour ဖြင့် ကြိုဆိုခြင်းမှာ ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးရင်ဆိုင်ရသည့်အသင်းကသာ အများဆုံးပြုလုပ်လေ့ရှိသော်လည်း အချို့ရာသီများ၌ တစ်သင်းထက်မက ဂုဏ်ပြုကြိုဆိုခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ပထမဆုံးရရှိသည့် ၂၀၁၉-၂၀ ရာသီတွင် ကိုဗစ်ကပ်ဘေးကာလကြောင့် ကွင်းပိတ်ကစားခဲ့ရရာ လက်ကျန်(၇)ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည့် လီဗာပူးလ်အသင်းကို လက်ကျန်ပြိုင်ဘက် (၇)သင်းစလုံးက Guard of Honour ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
Guard of Honour ဖြင့် ကြိုဆိုမှုကို ပရီးမီးယားလိဂ်၏ ကစားသမားဟောင်းများဖြစ်သည့် ပီတာခရော့ချ်နှင့် ဖာဒီနန်တို့က နှစ်သက်သဘောကျခြင်းမရှိကြောင်း ပြောကြားခဲ့ဖူးသည်။
ပီတာခရော့ချ်က ယင်းသို့ပြုလုပ်ရခြင်းမှာ စိတ်ထဲ ကသိကအောက်ဖြစ်စေသည်ဟု ဆိုခဲ့သည်။