Myanmar Transparency News

ဒလမြို့မှ ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးကို ရွှေ၊ ငွေပေးမည်ဟု စည်းရုံးကာ တရုတ်မယားအဖြစ် ရောင်းစားရန်ကြိုးပမ်းသည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် သုံးဦးကို ထောင်ဆယ်နှစ်စီချ

၈.၅.၂၀၂၅
Written By Thettant

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့်ရုပ်သံတွင် ဆယ်ကျော်သက် ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရောင်းစားရန် ကြိုးပမ်းမှုဖြစ်စဉ်မှ ပါဝင်ကျူးလွန်သူများဖြစ်သည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်သုံးဦးကို ထောင်ဆယ်နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြိုနယ်၊ ကမာကဆစ်ရပ်ကွက်နေ ဆယ်ကျော်သက်ကျောင်းသူ မ…….နှင့် မ……တို့ မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် Video ရိုက်ကူးကာ Online လူမှုကွန်ရက်ပေါ်တွင်လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့သူများ ဖြစ်ကြသော သီတာအောင်၊ အောင်ဇော်ဦး(ခ)ဟာမီဒူလာနှင့် တရုတ်နိုင်ငံသား Mr.Luo Fu Cai တို့အား ဥပဒေနှင့်အညီအရေးယူရန် ဒလမြို့မရဲစခန်းက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖမ်းဆီးခဲ့သည်။

ထိုဖြစ်စဉ်တွင် သီတာအောင်နှင့် အောင်ဇော်ဦး (ခ) ဟာမီဒူလာတို့သည် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဗိုလ်ရန်ပြေ (၆) လမ်းနေကြသူများဖြစ်ပြီး Mr. LUO FU CAI မှာ တရုတ်နိုင်ငံ၊ ဟူနန်မြို့နေသူဖြစ်ကာ အဆိုပါ တရားခံသုံးဦးတို့အား စစ်ဆေးချိန် ယင်းတို့က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ—၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ—၊ ၁၆/၂၀၂၅  နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေနားကပ်ဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး ရရှိသော ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသဖြင့် ဒလမြို့မရဲစခန်း (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။

အဆိုပါအမှုအား တွံတေးခရိုင်တရားရုံးမှ ရုံးတင်စစ်ဆေးကာ မေလ ၅ ရက်တွင် တရားခံ သီတာအောင်၊ အောင်ဇော်ဦးနှင့် Mr. LUO FU CAI တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News