Myanmar Transparency News

PDF တွေ မကြာခဏ လာရောက်တိုက်ခိုက်နေတဲ့ မအူစစ်ဆေးရေးဂိတ်အနီးမှာ ဆိုင်ကယ်စီးလာသူလူငယ်သုံးဦးက ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးရာမှ အလောင်းသုံးလောင်းနှင့် ပစ္စတိုနှစ်လက် သိမ်းဆည်းခဲ့ရ

၁၂. ၅. ၂၀၂၅
Written by Nay Moe

PDF တွေရဲ့ မကြာခဏ လာရောက်တိုက်ခိုက်မှုခံနေရတဲ့ မုံရွာမြို့နယ်၊ မန္တလေး-မုံရွာကားလမ်းပေါ်က မအူစစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်တွေကို စစ်ဆေးဖို့တားမြစ်ချိန် မောင်းနှင်ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ PDF လူငယ်သုံးဦးရဲ့ ရုပ်အလောင်းနဲ့ ပစ္စတိုနှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မေလ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်မှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အရှိန်နဲ့မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ရာ ဆိုင်ကယ် ၃ စီးကို စစ်ဆေးဖို့ရပ်တန့်ခိုင်းတာကို မရပ်တန့်ဘဲထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာမှာ PDF လူငယ်သုံးဦးရဲ့ ရုပ်အလောင်း၊ ဆိုင်ကယ်သုံးစီး၊ ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ၉ မမကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။

PDF အဖွဲ့တွေ များပြားလွန်းတဲ့ မုံရွာနယ်တစ်ကြောမှာ PDF တွေ ပါဝင်တဲ့ ရွှေဆိုင်ဓားပြတိုက်မှု၊ လူသတ်မှု၊ လုယက်ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေသလို မအူစစ်ဆေးရေးဂိတ်ကိုလည်း PDF တွေက ချောင်းမြောင်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ မကြာခဏ ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်ကိုင်နေတာကြောင့် ဒီစစ်ဆေးရေးဂိတ်က လုံခြုံရေးတင်းကျပ်ထားတဲ့နေရာလို့ သိရပါတယ်။

လတ်တလောအချိန်မှာတော့ သေဆုံး PDF တွေဘက်က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ပြန်လာတာ မရှိသေးသလို ဖမ်းမိတဲ့လက်နက်ကိုင်တွေက ဘယ်အဖွဲ့ကလဲဆိုတာ စိစစ်နေတယ်လို့လည်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News