Myanmar Transparency News

ညအချိန် စက်ဘီးစီးနင်းလာသူအမျိုးသမီးကြီးတစ်ဦး ယာဉ်တိုက်ခံရပြီးသေဆုံးမှု‌ တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွား

၁၄.၅.၂၀၂၅
Written by Hey Mar

စက်ဘီးစီးလာသူ အမျိုးသမီးကြီးတစ်ဦး ယာဉ်တိုက်ခံရပြီး နေရာတင် ပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၁၃ ရက် ည ၉ နာရီဝန်းကျင်မှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေရုပ်လွှာလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

မြေပြင်ကို လူမှုကူညီရေးအသင်းတွေရောက်ရှိချိန်မှာ တိုက်မိတဲ့ အဖြူရောင် Honda fit ယာဉ်မောင်းကို သက်ဆိုင်ရာက စစ်ဆေးထိန်းသိမ်းထားပြီး ပရဟိတအသင်းတွေက လူနာကို ဆေးရုံတင်ပို့ဖို့ ကြိုးစားပေမယ့် ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ရွှေရုပ်လွှာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ဘယ်မှာတိုက်လာတယ်တော့ မသိဘူး။ ကျွန်တော်တို့ရောက်ချိန်မှာ မီးပွိုင့်မှာ ဖြစ်စဉ်ကိုတွေ့ရတယ်။ မီးပွိုင့်ကလည်း ပျက်နေတယ်။ မီးမလာဘူး။ အတိုက်ခံရသူ စက်ဘီးသမားက ယောက်ျားလေးလို ဝတ်စားထားတဲ့ အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးကြီးပါ။ ခေါင်းထိတယ်။ ညာဘက်လက်က လက်မောင်းအလယ်ကနေ ပြတ်တယ်။ နောက်ပြီး နံရိုးတွေလည်း ကျိုးထားပုံရပါတယ်” လို့ MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ လွယ်အိတ်ထဲကနေ ဆက်သွယ်ရမယ့် မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေ့ရှိရတာကြောင့် ရွှေရုပ်လွှာ ပရဟိတ အသင်းကပဲ ဆက်သွယ်ကူညီပေးခဲ့ပြီး ရုပ်အလောင်းကိုတော့ သုခကာရီ လူမှုကူညီရေး အသင်းပိုင်ယာဉ်နဲ့ မြောက်ဥက္ကလာပ၊ မေဓာဝီဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ကျန်စစ်သားလမ်း၊ ရွာသာကြီးစက်မှုဇုန်အရှေ့မှာ စက်ဘီးစီးနင်းလာသူကို လူစီးယာဥ် Minitruck တစ်စီးက တိုက်မိပြီး ‌အသက် သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News