Myanmar Transparency News

TNLA အပါအဝင် လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်းခိုးရောင်းသည့် UWSA ထောက်ပို့တပ်သားတစ်ဦးအား ယနေ့ သေဒဏ်ပေး၊ သေဒဏ်ပေးမှုကို ကျောင်းသားကျောင်းသူများနှင့် မိဘများအပါအဝင် ဒေသခံများကို ကြည့်ရှုခွင့်ပေးခဲ့

၁၄.၅.၂၀၂၅

Written By Zun

TNLA အပါအဝင်လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်းခိုးရောင်းသည့် UWSA ထောက်ပို့တပ်သားတစ်ဦးကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ယနေ့ သေဒဏ်ပေးလိုက်ကြောင်း UWSA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဒဏ်ပေးအစီအစဉ်ကို “ဝ” တပ်  UWSA ဗဟိုဌာနချုပ်တည်ရှိရာ ပန်ဆန်း (ပန်ခမ်း) မြိုတွင် ယနေ့ မေလ ၁၄ ရက် နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

UWSA – “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် စစ်ဦးစီးဌာနရုံးက ထုတ်ပြန်ရာတွင် တရားစီရင်သည့် အခမ်းအနားကို ပြုလုပ်စဉ် ပန်ဆန်းမြို့စာသင်ကျောင်းအားလုံးတွင်ရှိကြသော ကျောင်းသားကျောင်းသူများနှင့်မိဘများ၊ ဒေသခံများအား ကြည့်ရှုခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

CCTV မှတ်တမ်းများအရ လက်နက်ခဲယမ်းထားရာနေရာသို့ အဆိုပါ သေဒဏ်ပေးခံရသူ ပန်ဆန်း ထောက်ပို့ရုံးမှတပ်သားက ဝင်ရောက်ခိုးယူကြောင်း တွေ့ရှိချက်အရ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် လက်နက်များကို TNLA အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့များကိုလည်း ရောင်းချခဲ့ကြောင်း သိရသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသ မိုင်းမောခရိုင်၊ မိုင်းမောမြို့တွင် မူးယစ်ဆေးသုံးစွဲပြီး သူငယ်ချင်းနှင့် စကားများရန်ဖြစ်ရာက သံချောင်းဖြင့်သေဆုံးသည်ထိ ရိုက်နှက်ခဲ့သော “ဝ”ရဲတပ်ဖွဲဝင်ကို UWSA တရားစီရင်ရေးဌာနက မတ်လကုန်ပိုင်းတွင် သေဒဏ်ချမှတ်ခဲ့သေးသည်။

Photo-Wa News Land

မူရင်းသတင်း — Myanmar Transparency News