
မန်ယူအသင်း၏နည်းပြ အာမိုရင်မ်က သောကြာနေ့(ယနေ့) ယှဉ်ပြိုင်ကစားရမည့် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားအပြီး (၅)ရက်အကြာ၌ ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် အာမိုရင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဒီပွဲက ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုပါ။ ဒီပွဲအတွက် ပွဲထွက်ကစားသမား (၁၁)ယောက်ကို ကျွန်တော် တွေးထားပြီးသားဖြစ်ပေမဲ့ ဗိုလ်လုပွဲအတွက်တော့ မစဉ်းစားရသေးပါဘူး။ ကစားသမားတွေ သိထားဖို့လိုတာက ချယ်လ်ဆီးနဲ့ပွဲမှာ ကစားရခြင်း၊ မကစားရခြင်းက ဗိုလ်လုပွဲနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုတာပါပဲ။ ဒါက အရေးကြီးပါတယ်။ ဒီပွဲကို အနိုင်ရချင်သလို၊ စွမ်းဆောင်ရည်ကောင်းလည်း ပြသချင်ပါတယ်''ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး အဆင့်(၁၆)နေရာ၌ ရပ်တည်နေသော်လည်း ယူရိုပါလိဂ်ပြိုင်ပွဲတွင်မူ ဗိုလ်လုပွဲသို့ ရှုံးပွဲမရှိတက်လှမ်းနိုင်ခဲ့ပြီး စပါးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဆုဖလားရယူနိုင်ခဲ့ပါက လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သောကြောင့် အာမိုရင်မ်က ဗိုလ်လုပွဲကို အာရုံစိုက်နေခြင်းဖြစ်ကြောင်း သိရသည်။