
ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်း၏ စပိန်လူငယ်ကြယ်ပွင့် နောက်ခံလူ ဒင်းဟူဆန်အား စာချုပ်လျော်ကြေးဖြစ်သည့် ပေါင်သန်း ၅၀ ပေးချေကာ ခေါ်ယူရန် သဘောတူညီမှုရခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် ၂၀ အရွယ်သာ ရှိသေးသည့် ဟူဆန်သည် ဘုန်းမောက်အသင်းအတွက် အဓိကနောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ၎င်းအား ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများကပါ စောင့်ကြည့်ခဲ့ကြသည်။
ယင်းအတွက် ရီးယဲလ်မက်ဒရစ်အသင်းသည် စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့သည့် ကစားသမားအား စာချုပ်လျော်ကြေးဖြစ်သည့် ပေါင်သန်း ၅၀ ကို ပေးချေကာ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆွေးနွေးမှုသာ အဆင်ပြေခဲ့ပါက အပြီးသတ်စာချုပ်နိုင်တော့မည်ဖြစ်သည်။
ဘုန်းမောက်အသင်းသည် ဟူဆန်အတွက် စာချုပ်လျော်ကြေးငွေ ပေါင်သန်း ၅၀ ကို ရရှိခဲ့ပါက ဟူဆန်၏အသင်းဟောင်းများဖြစ်သည့် ဂျူဗင်တပ်စ်အသင်းအား ပြောင်းရွှေ့ကြေးငွေ၏ ၁၀ ရာခိုင်နှုန်းနှင့် မာလာဂါအသင်းအား ၅ ရာခိုင်နှုန်းအသီးသီး ပေးချေသွားရမည်ဖြစ်သည်။
ရီးယဲလ်အသင်းက စာချုပ်ကိစ္စကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အပြီးသတ်နိုင်ရန်မျှော်လင့်ထားကြောင်းသိရသည်။