
ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ အန်ဇိုမာရက်စကာက မိမိအား ချယ်လ်ဆီးအသင်းနည်းပြအဖြစ် ခန့်အပ်စဉ်က မိမိဆောင်ရွက်ပေးရမည့်အရာအတွက် ကလပ်အသင်း၏ တောင်းဆိုမှုမှာ (၂) ရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိရေးသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်း ပရိသတ်များက ချယ်လ်ဆီးအသင်းသည် ချန်ပီယံဖလားအတွက် မျှော်လင့်သင့်သည့် အနေအထားတွင်ရှိမနေဘဲ အဆင့် (၅) နေရာအတွင်း ဝင်ရောက်ရန် ကြိုးစားနေရခြင်းမှာ အခြေအနေမှန်သာဖြစ်သည်ဆိုသည့် မာရက်စကာ၏ ပြောဆိုမှုအပေါ် ဒေါသထွက်ခဲ့ကြသည်။
ယင်းအတွက်ကြောင့် မိမိတို့အသင်းသည် အဆင့် (၅) နေရာအတွက် တိုက်ပွဲဝင်နေရသည့် အသင်းမျိုး မဟုတ်ဆိုသည့် တုံ့ပြန်မှုများအပေါ် ဂျာနယ်လစ်များက မေးမြန်းခဲ့ရာ မာရက်စကာက ''ကျွန်တော် ဒီအသင်းနည်းပြရာထူးအတွက် တာဝန်ပေးခံရတာက (၂) ရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးသာဖြစ်ပြီး ဒီရာသီမှာပဲ နီးစပ်နေပါပြီ''ဟု ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)အပြီးတွင် အဆင့်(၅)နေရာရပ်တည်နေသော်လည်း အဆင့်(၆)နေရာမှ အက်စတွန်ဗီလာနှင့် အမှတ်တူ၊ အဆင့်(၇)နေရာမှ နော်တင်ဟမ်ဖောရက်စ်နှင့် (၁)မှတ်သာကွာဟသည့်အတွက် အမှားမခံသည့် အခြေအနေ ရှိနေဆဲဖြစ်သည်။