
နာမည်ကြီး အမေရိကန်တင်းနစ်မယ်ဟောင်း ဆရီနာဝီလျံ၏ ခင်ပွန်းဖြစ်သူ Reddit လူမှုမီဒီယာ ပူးတွဲတည်ထောင်သူ အိုဟာနီယန်က ချယ်လ်ဆီးအမျိုးသမီးဘောလုံးအသင်း၏ ရှယ်ယာကို ဝယ်ယူခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသား အင်တာနက်လုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံသူ အိုဟာနီယန်သည် ချယ်လ်ဆီးအမျိုးသမီးအသင်း၏ရှယ်ယာ ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကို ပေါင်သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများက မေ ၁၄ ရက်တွင် ဖော်ပြခဲ့ကြသည်။
အိုဟာနီယန်ကလည်း ချယ်လ်ဆီးအမျိုးသမီးအသင်း၏ ရင်းနှီးမြှုပ်နှံသူနှင့် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီဟု လူမှုမီဒီယာ X မှ တစ်ဆင့် အတည်ပြုပြောကြားထားသည်။
''ချယ်လ်ဆီးအသင်းရဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ပူးပေါင်းခွင့်ရပြီဆိုတဲ့အကြောင်း ကျွန်တော် ဂုဏ်ယူစွာနဲ့ ကြေညာချင်ပါတယ်။ ဒီနာမည်ကြီးအသင်းကို အမေရိကန်နိုင်ငံသားအားလုံးရဲ့ အကြိုက်ဆုံး အမျိုးသမီးစူပါလိဂ်အသင်းဖြစ်လာအောင် ကူညီပေးနိုင်မယ့် အခွင့်အရေးရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ'' ဟု အိုဟာနီယန်က ဆိုသည်။
အသက် ၄၂ နှစ်ရှိပြီဖြစ်သူ အိုဟာနီယန်သည် ယခင်ကလည်း အမေရိကန်အမျိုးသမီးဘောလုံးကလပ် အိန်ဂျယ်စီးတီးအသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် စံချိန်တင် ပေါင် ၁၉၂ ဒသမ ၃ သန်း (ဒေါ်လာ သန်း ၂၅၀) ဖြင့် ပြန်လည်ရောင်းချခဲ့သည်။
ထို့ပြင် ၎င်းသည် TGL ဂေါ့ဖ်လိဂ်တွင်လည်း ရှယ်ယာရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။
အိုဟာနီယန်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ဆရီနာဝီလျံနှင့် စေ့စပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် လက်ထပ်ခဲ့ပြီး အိုလံပီယာ (ရှစ်နှစ်) နှင့် အက်ဒီရာ (နှစ်နှစ်) စသည့် သမီးနှစ်ဦး ပိုင်ဆိုင်ထားသည်။
ချယ်လ်ဆီးအမျိုးသမီးအသင်းသည် ယခုနှစ်တွင် အမျိုးသမီးစူပါလိဂ်ချန်ပီယံဆုကို တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် ခြောက်ရာသီဆက်တိုက် ဆွတ်ခူးရရှိထားပြီး ပြည်တွင်းဖလားသုံးလုံးရရှိရန် နီးစပ်နေသည်။
သို့သော် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ယခုရာသီတွင်လည်း အစဉ်အလာပြိုင်ဘက်ဟောင်းဖြစ်သည့် လက်ရှိချန်ပီယံ ဘာစီလိုနာအမျိုးသမီးအသင်းကို ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်မှပင် ထွက်ခွာခဲ့ရပြန်သည်။