
မကြာခင်မှာ ၂၀၂၄-၂၅ ဥရောပဘောလုံးရာသီက ပြီးဆုံးတော့မယ်။ ထိပ်သီးလိဂ်အများဆုက ချန်ပီယံအသင်းတွေ ထွက်ပေါ်ခဲ့ပြီး အဖြေမထွက်သေးတာဆိုလို့ စီးရီးအေပြိုင်ပွဲပဲရှိတော့တယ်။ ဒီလိုအချိန်မှာ အပြောင်းအရွှေ့သတင်းတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေတယ်။ ဥရောပ ထိပ်သီးအသင်းတိုင်းက နွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ခြေလှမ်းသစ်တွေ စတင်နေကြပြီ။ ဒါကြောင့် ဥရောပထိပ်သီးအသင်းတချို့ရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ရှားမှုတွေကို ရင်ခုန်ကြည့်ချင်ပါတယ်။
မကြာခင်မှာ ၂၀၂၄-၂၅ ဥရောပဘောလုံးရာသီက ပြီးဆုံးတော့မယ်။ ထိပ်သီးလိဂ်အများဆုက ချန်ပီယံအသင်းတွေ ထွက်ပေါ်ခဲ့ပြီး အဖြေမထွက်သေးတာဆိုလို့ စီးရီးအေပြိုင်ပွဲပဲရှိတော့တယ်။ ဒီလိုအချိန်မှာ အပြောင်းအရွှေ့သတင်းတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေတယ်။ ဥရောပ ထိပ်သီးအသင်းတိုင်းက နွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ခြေလှမ်းသစ်တွေ စတင်နေကြပြီ။ ဒါကြောင့် ဥရောပထိပ်သီးအသင်းတချို့ရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ရှားမှုတွေကို ရင်ခုန်ကြည့်ချင်ပါတယ်။
စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်က ဒီရာသီမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး။ ဒါကြောင့်လည်း ဥက္ကဋ္ဌ ပီရက်ဇ်အနေနဲ့ အသင်းကို အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကြိုးစားနေတယ်။ နည်းပြ အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့ အစားထိုးဖို့ စီစဉ်နေပြီး (၉၀)ရာခိုင်နှုန်းလောက် သေချာနေပြီလို့ ဆိုရမယ်။ ဒါ့အပြင် အာနိုးလ်၊ ဆာလီဘာတို့လို ကြယ်ပွင့်တွေနဲ့ သူတို့ရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ရီးယဲလ်မက်ဒရစ်အသင်း ကြိုးစားနေတယ်။ ဆာလီဘာက မရေရာတဲ့ အနေအထားဖြစ်ပေမဲ့ အာနိုးလ်ကိုတော့ လာမယ့်ရာသီ ရီးယဲလ်မက်ဒရစ်မှာ မြင်တွေ့ရလိမ့်မယ်။
ဟန်ဆီဖလစ်ခ်ရဲ့ ဘာစီလိုနာကတော့ အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ဖို့သိပ်မရှိပါဘူး။ နီကိုဝီလီယံစ်လောက်သာ သတင်းထွက်နေပြီး ဒီအပြောင်းအရွှေ့ကလည်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာကြောင့် ဖြစ်လာဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ယမားလ်၊ ပတ်ဒရီတို့ဦးဆောင်တဲ့ လာမာစီယာ ထွက်ကစားသမားတွေနဲ့ပဲ လာမယ့် ရာသီကို ဆက်လက်ခြေတက်ဖို့ ရှိနေတယ်။
ပရီးမီးယားလိဂ်ကို ကြည့်ရင်တော့ ထိပ်သီးအသင်းတိုင်းလိုလို လာမယ့်နွေမှာ ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်သွားကြဖို့ရှိနေတယ်။ ပထမပြောချင်တာက မန်စီးတီး။ ဒီရာသီမှာ ယို့ယွင်းမှုတွေ ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အိုမာမာမွတ်၊ နီကိုဂွန်ဇာလက်ဇ်၊ ခူဆာနော့ဗ်တို့လို ကစားသမားတွေ အားဖြည့်ခဲ့ပေမဲ့ ထင်သလောက် မဟုတ်သေးဘူး။ ဒါ့အပြင် ရာသီကုန်မှာ အသင်းကထွက်ခွာမယ့် ဒီဘရိုင်းနားရဲ့ ကွက်လပ်ကိုလည်း မန်စီးတီးအသင်းအနေနဲ့ ဖြည့်တင်းဖို့ ကြိုးစားရဦးမယ်။ လက်ရှိသတင်းတွေအရတော့ မန်စီးတီးအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ဂျာမန်ကြယ်ပွင့်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့ အမှန်တကယ်ဖြစ်ပေါ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဂွါဒီယိုလာကိုယ်တိုင်ကလည်း လာမယ့်နွေမှာ အနည်းဆုံး ကစားသမားသစ် (၃)ဦးလောက်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
ဒီရာသီမှာ မယ်ရီနိုကို False (9) ပုံစံအသုံး ပြုနေရတဲ့ အာဆင်နယ်အသင်းကတော့ လာမယ့်နွေမှာ တိုက်စစ်ပြဿနာကို အဓိက ဖြေရှင်းရမှာပါ။ ဟာဗက်ဇ်က အသင်းမှာ ဆက်ရှိဖို့များပေမဲ့ ဂျေးဇူးရဲ့ မတည်ငြိမ်တဲ့သတင်းတွေက အာဆင်နယ်အတွက် မဖြစ်မနေအရည်သွေးမြင့် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ တွန်းအားလည်း ဖြစ်နေပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်က အာဆင်နယ်အသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပြီး နီကိုဝီလီယံစ်၊ ဇူဘီမန်ဒီတို့နဲလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းရဲ့ အပြောင်းအလဲပေါ်လစီတွေကိုလည်း လာမယ့်နွေမှာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။
လီဗာပူးလ်ကတော့ အာနိုးလ်နေရာကို အစားထိုးဖို့ အဓိက ပြင်ဆင်နေပြီး လေဗာကူဆင်ညာ နောက်ခံလူ ဖရင်ပေါင်ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် အသင်းနဲ့ အနာဂတ်မရေမရာဖြစ်လာတဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ရဲ့ သတင်းတွေက စိတ်ဝင်စားစရာကောင်းနေပြီး လီဗာပူးလ်အသင်းအနေနဲ့ရော ဘယ်လိုကြယ်ပွင့် ကစားသမားတွေကို အားဖြည့်သွားမလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာပါပဲ။ လီဗာပူးလ်အသိုင်းအဝန်းရဲ့ သတင်းအရေးအမြစ်တွေအရ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးခဲ့တဲ့ နည်းပြ အာနယ်စလော့အတွက် လာမယ့်အပြောင်းအရွှေ့ကာလမှာ အသုံးစရိတ်လုံလုံလောက်လောက်ထုတ် ပေးလိမ့်မယ်လို့လည်း သိရပါတယ်။
နောက်တစ်သင်းကတော့ မန်ယူပါ။ မန်ယူက ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေပေမဲ့ ယူရိုပါလိဂ်အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲက သူတို့အတွက် ထွက်ပေါက်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရင် အသင်းရဲ့ အသုံးစရိတ်လည်း များများစားစားသုံးခွင့်ရမယ်။ နည်းပြ အာမိုရင်မ်အနေနဲ့ ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ တွမ်မီနေးတို့လို ကြယ်ပွင့်တွေကို ပြန်ခေါ်မလားဆိုတာ စောင့်ကြည့်ရမယ်။ ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို အငှားချခဲ့တာဖြစ်ပြီး တွမ်မီနေးကိုတော့ နာပိုလီအသင်းကို အပြီးသတ်ရောင်းထုတ်ခဲ့တာပါ။ ဒါပေမဲ့ စာချုပ်ပါအချက်အလက်အလက်အရ ကစားသမားသာ လိုလားရင် ပြန်လည်ခေါ်ယူခွင့်ရှိတဲ့ အချက်ကို မန်ယူအသင်း ချုပ်ဆိုခဲ့တယ်။ လာမယ့်ရာသီမှာ အဲရစ်ဆင်၊ လင်ဒီလော့ဖ်တို့လိုကစားသမားတွေ မန်ယူအသင်းကို စွန့်ခွာဖို့ရှိပြီး ဂါနာချိုရဲ့ အနာဂတ်ကလည်း မရေရာတော့ပါဘူး။ ဒါကြောင့် မန်ယူအသင်းမှာ အပြောင်းအလဲကြီးကြီးမားမားမြင်ရနိုင်ပြီး လက်ရှိ အချိန်မှာတော့ အာမိုရင်မ်အနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုသာ အာရုံစိုက်နေတယ်လို့ ဆိုခဲ့တယ်။
တခြားထိပ်သီးတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါးတို့ရဲ့ အပြောင်းရွှေ့အခြေအနေတွေကတော့ ထူးထူးခြားခြား သိပ်မရှိသေးပါဘူး။ စပါးနည်းပြ ပိုစတီကိုဂလူးကိုယ်တိုင်အသင်းနဲ့ အနာဂတ်မရေမရာ ဖြစ်နေပြီး ချယ်လ်ဆီးအသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲ အာရုံစိုက်နေတယ်။ အက်စတွန်ဗီလာ၊ နယူးကာဆယ်တို့လိုအသင်းတွေရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကလည်း ငြိမ်သက်နေဆဲပါပဲ။
စီးရီးအေကိုကြည့်ရင် ထုံးစံအတိုင်းပဲ အပြောင်းအရွှေ့ကာလမှာတောင် ကြီးမားတဲ့ အပြောင်း အရွှေ့တွေသိပ်မြင်ရလေ့မရှိတာကြောင့် ထူးခြားမှုမရှိဘူးလို့ပဲဆိုရပါမယ်။ ဒါ့အပြင် PSG၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လေဗာကူဆင်တို့လို အသင်းတွေရဲ့ လှုပ်ရှားမှုတွေကလည်း ဒီအချိန်မှာ ဘာသတင်းမှ မယ်မယ်ရရမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် မကြာခင်ရောက်လာတော့မယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ထိပ်သီးအသင်းတွေရဲ့ ကစားသမား အပြောင်းအလဲတွေကိုတော့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရပါဦးမယ်။