Eleven Media Group

■ UFC 317 နှင့် 319 ပြိုင်ပွဲတွင် ချန်ပီယံခါးပတ်လုပွဲသုံးပွဲပါဝင်ပြီး တိုပူရီယာ-အိုလီဗီရာ၊ ပန်တိုယာ-ကာရာဖရန့်စ်၊ ဒူပလပ်ဆစ်-ချီမာ့ဗ် ထိုးသတ်မည်

Photo: UFC

ဇွန်လနှင့် သြဂုတ်လအတွင်း ကျင်းပမည့် UFC 317 နှင့် UFC 319 ပြိုင်ပွဲတွင် ချန်ပီယံခါးပတ်လုပွဲသုံးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း UFC ပြိုင်ပွဲက မေ (၁၃) ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

UFC 317 ပြိုင်ပွဲကို ဇွန် ၂၈ ရက်တွင် အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်စ်ရှိ T-Mobile Arena ၌ ကျင်းပမည်ဖြစ်ပြီး လစ်လပ်သွားသည့် လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း ဂျော်ဂျီယာ-စပိန်နွယ်ဖွား တိုပူရီယာနှင့် လိုက်ဝိတ်တန်းချန်ပီယံဟောင်း ဘရာဇီးကစားသမား အိုလီဗီရာ၊ ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးကစားသမား ပန်တိုယာနှင့် နယူးဇီလန်ကစားသမား ကာရာဖရန့်စ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

တိုပူရီယာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ဖယ်သာဝိတ်ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ပြီးနောက် လိုက်ဝိတ်တန်းသို့ တန်းတက်ထိုးသတ်ရန်အတွက် ဖယ်သာဝိတ်ခါးပတ် စွန့်လွှတ်ကြောင်း ဖေဖော်ဝါရီတွင် ကြေညာခဲ့သည်။

သို့သော် လိုက်ဝိတ်တန်းချန်ပီယံဖြစ်သူ ရုရှားကစားသမား မာခါချက်ဗ်ကလည်း ဝယ်လ်တာဝိတ်တန်းသို့ တန်းတက်ထိုးမည်ဟုဆိုကာ ခါးပတ်စွန့်လွှတ်ခဲ့သောကြောင့် တိုပူရီယာမှာ မာခါချက်ဗ်အစား အိုလီဗီရာနှင့် ထိုးသတ်ရမည်ဖြစ်သည်။ အိုလီဗီရာမှာလည်း လိုက်ဝိတ်တန်းချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
UFC 317 ပြိုင်ပွဲကို သြဂုတ် (၁၆) ရက်တွင် အမေရိ ကန်နိုင်ငံ၊ ရှီကာဂိုမြို့ရှိ United Center ၌ ကျင်းပမည်ဖြစ်ပြီး ခေါင်တွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်းချန်ပီယံ တောင်အာဖရိကကစားသမား ဒူပလပ်ဆစ်နှင့် ရုရှားကစားသမား ချီမာ့ဗ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ဒူပလပ်ဆစ်အနေဖြင့် တတိယမြောက် ချန်ပီယံခါးပတ်ကာကွယ် ပွဲထိုးသတ်ရမည်ဖြစ်ပြီး ရှုံးပွဲမရှိဘဲ ပွဲအားလုံး အနိုင်ရထားသည့် ချီမာ့ဗ်မှာလည်း ပထမဆုံး ချန်ပီယံခါးပတ်ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
UFC သည် UFC 317 ပြိုင်ပွဲအထိ ကျင်းပမည့် ခေါင်တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်ထားပြီး ဇွန် (၇) ရက်ကျင်းပမည့် UFC 316 ပြိုင်ပွဲတွင် ဘန်တမ်ဝိတ် တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဂျော်ဂျီယာ-အမေရိကန်နွယ်ဖွား ဒီဗာလီရှီဗလီနှင့် အမေရိကန်ကစားသမား ရှောင်အိုမာလေ၊ အမျိုးသမီး ဘန်တမ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် အမေရိကန်နိုင်ငံသူ ပန်ညာနှင့် ဟာရစ်ဆင်၊ ဇူလိုင် ၁၉ ရက်ကျင်းပမည့် UFC 318 ပြိုင်ပွဲတွင် BMF ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ အမေရိကန်ကစားသမား ဟောလိုဝေးနှင့် ပိုရီယေးတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group