
မန်ယူနိုက်တက်အသင်းအနေဖြင့် ချယ်လ်ဆီးအသင်းအား ရှုံးနိမ့်ပြီးနောက် ရာသီတစ်လျှောက်လုံး နှစ်ပွဲဆက် အနိုင်မရသည့် မှတ်တမ်းဆိုးကို အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ် ပိုင်ဆိုင်ခဲ့ရကြောင်း သိရသည်။
မေ ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် ၃၇ တွင် ချယ်လ်ဆီးအသင်းက မန်ယူအသင်းအား အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရပြီး တစ်လုံးတည်းသောဂိုးကို နောက်ခံလူ ကူကူရယ်လာက ၇၁ မိနစ်တွင် သွင်းယူပေးခဲ့သည်။
မန်ယူအသင်းအနေဖြင့် ယူရိုပါလိဂ်ဗိုလ်လုပွဲအကြို ပြင်ဆင်မှုဖြစ်သောကြောင့် အဓိက ကစားသမားအများစု ထည့်သွင်းအသုံးပြုသော်လည်း အဝေးကွင်း၌ ရှုံးပွဲကြုံတွေ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။
ယခုပွဲမှာ ရာသီပိတ်ပွဲစဉ်မတိုင်မီ တစ်ပွဲအလိုဖြစ်ပြီး ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် မန်ယူအသင်းအနေဖြင့် ရာသီတစ်လျှောက်လုံး နှစ်ပွဲဆက် နိုင်ပွဲမရရန် သေချာသွားပြီ ဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၇ ပွဲကစား၊ ၁၀ ပွဲသာ အနိုင်ရပြီး ကိုးပွဲသရေ၊ ၁၈ ပွဲရှုံးဖြင့် ၃၉ မှတ်သာရရှိကာ အဆင့် ၁၆ နေရာရောက် ရှိနေသည်။
အဆိုပါ နိုင်ပွဲ ၁၀ ပွဲမှာ ဆက်တိုက်အနိုင်ရခြင်းမဟုတ်ဘဲ ပွဲစဉ် ၁၊ ၄၊ ၈၊ ၁၁၊ ၁၃၊ ၁၆၊ ၂၁၊ ၂၃၊ ၂၇၊ ၂၉ တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဧပြီကတည်းက နိုင်ပွဲပျောက်ဆုံးလျက်ရှိသည်။
သို့ဖြစ်ရာ ၁၈၉၃-၁၈၉၄ နှင့် ၁၉၂၁-၁၉၂၂ ရာသီပြီးလျှင် အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ် ရာသီတစ်လျှောက်လုံး နှစ်ပွဲဆက် အနိုင်မရသည့်မှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ၁၀၃ နှစ်အကြာတွင် အဆိုးဆုံးအခြေအနေ ပြန်လည်ပိုင်ဆိုင်ခဲ့ရသည်။
ထို့ပြင် မန်ယူအသင်းနည်းပြ အာမိုရင်မ်မှာ လည်း ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲကိုင်တွယ်ရာတွင် ၂၄ မှတ်သာရရှိထားပြီး တစ်ပွဲပျမ်းမျှ ၀.၉၂ မှတ်သာ ရရှိထား ကြောင်း သိရသည်။
ယင်းအခြေအနေမှာ ၂၀၀၇-၀၈ ရာသီတွင် ၂၄ ပွဲအနိုင်မရဘဲ ရမှတ် ၁၁ မှတ်သာရရှိခဲ့သည့် ဒါဘီအသင်း နည်းပြဟောင်း ပေါလ်ဂျီဝဲလ်၏ တစ်ပွဲပျမ်းမျှ ၀.၉၄ မှတ်ထက်ပင် ပိုနည်းနေသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးဆုံးရပ်တည်မှုနှင့် ၁၉၈၉-၁၉၉၀ ရာသီတွင် အဆင့် ၁၃ နေရာ ရပ်တည်ခဲ့ပြီးနောက်ပိုင်း ၃၅ နှစ်အတွင်း အဆိုးဆုံးရပ်တည်မှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
သို့သော် မန်ယူအသင်းအနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ထားသောကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး မေ ၂၁ ရက်တွင် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။