Eleven Media Group

■ ဘုန်းမောက်အသင်း လူငယ်နောက်ခံလူ ဟူဆင်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ရီးယဲလ်အသင်း ကြေညာ

Photo: Real Madrid

ဘုန်းမောက်အသင်း၏ လူငယ်နောက်ခံလူ ဟူဆင်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းက မေ ၁၇ ရက်တွင် အတည်ပြုကြေညာခဲ့သည်။

အသက် ၂၀ အရွယ် နယ်သာလန်နိုင်ငံဖွား စပိန်လက်ရွေးစင် ခံစစ်အတွင်းလူ ဟူဆင်သည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ ဘုန်းမောက်အသင်းသို့ ပေါင် ၁၂.၆ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး တစ်ရာသီအကြာမှာပင် ရီးယဲလ်အသင်း၏ ခေါ်ယူခြင်းခံခဲ့ရသည်။

၎င်းသည် ယခုရာသီတွင် ဘုန်းမောက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ အပါအဝင် ပြိုင်ပွဲစုံ ၃၄ ပွဲကစား၊ သုံးဂိုးသွင်းယူပေးထားပြီး ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ နယူးကာဆယ်စသည့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ၏ ကမ်းလှမ်းမှုကို
ငြင်းပယ်၍ ရီးယဲလ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ၎င်းအတွက် စာချုပ်လျော်ကြေး ပေါင်သန်း ၅၀ (ယူရို ၅၉.၅ သန်း) ပေးချေရမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

ဘုန်းမောက်အသင်းအနေဖြင့် တစ်ရာသီအကြာမှာပင် ပြန်လည်ရောင်းချခဲ့ရသောကြောင့် အမြတ်အစွန်းများစွာရရှိခဲ့ပြီး ၎င်း၏ပြောင်းရွှေ့ကြေးကို အသင်းဟောင်းများဖြစ်သည့် ဂျူဗင်တပ်စ်အသင်းက ၁၀ ရာခိုင်နှုန်းနှင့် မာလာဂါအသင်းက ငါးရာခိုင်နှုန်း
ခံစားခွင့်ရမည် ဖြစ်သည်။

ဟူဆင်သည် ငယ်စဉ်က စပိန်ကလပ် ကော်စတာယူနီဒါ၊ မာလာဂါနှင့် ဂျူဗင်တပ်စ် အကယ်ဒမီများတွင် ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဂျူဗင်တပ်စ် အသင်းနှင့် စတင်ခဲ့သည်။

၂၀၂၄ ဇန်နဝါရီ တွင် ရိုးမားအသင်းသို့ ရာသီဝက်အငှားဖြင့် သွားရောက်ကစားပြီးနောက် ဘုန်းမောက်အသင်းသို့ ခြောက်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ကနဦးတွင် နယ်သာလန် ယူ-၁၇၊ ယူ-၁၈၊ ယူ-၁၉ အသင်းများ၌ ကစားခဲ့သော်လည်း စပိန် ယူ-၂၁အသင်းအတွက် ပြောင်းလဲကစားပြီးနောက် စပိန်လက်ရွေးစင်အဖြစ် နှစ်ပွဲ ကစားထားသည်။

မူရင်းသတင်း — Eleven Media Group