Eleven Media Group

■ FA ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်း ၄၅ သင်းမြောက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်

Photo: Emirates FA Cup

မန်စီးတီးအသင်းကို အနိုင်ယူကာ FA ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းသည် သမိုင်းတစ်လျှောက် ၄၅ သင်းမြောက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ကြောင့် လာမည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ လိဂ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၅ ရာသီ FA ဖလား ဗိုလ်လုပွဲကို မေ ၁၇ ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပရာ ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ သည်။

မန်စီးတီးအသင်းအနေဖြင့် ပွဲချိန်တစ် လျှောက်လုံး ဖိအားပေးနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု ၂၃ ကြိမ်၊ ဂိုးပေါက်တည့်သည့်ခြိမ်းခြောက်မှု ခြောက်ကြိမ် ပြုလုပ်နိုင်သော်လည်း ပထမပိုင်း ၁၆ မိနစ်မှာပင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အက်ဇီသွင်းယူသည့်ဂိုးကို ပြန်မချေပနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

ပထမပိုင်း ၂၄ မိနစ်တွင် ဂိုးဧရိယာအပြင်ဘက်၌ ပဲလေ့စ်ဂိုးသမား ဟန်ဒါဆန် ဘောလုံးကို လက်ဖြင့်ထိမိသော်လည်း VAR ဖြင့် ပြန်လည်စစ်ဆေးရာ ဂိုးရနိုင်သည့်အခွင့်အရေး မရှိသောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းမရှိသလို ၃၆ မိနစ်တွင်
မာမွတ်ရှ်ကန်သွင်းသည့် ပယ်နယ်တီကိုလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။

ပဲလေ့စ်အသင်းသည် FA ဖလား ဗိုလ်လုပွဲသို့ တတိယအကြိမ် (၁၉၈၉-၁၉၉၀၊ ၂၀၁၅-၂၀၁၆၊ ၂၀၂၄-၂၀၂၅) တက်ရောက်ခွင့်ရခြင်းဖြစ်သည်။

ပဲလေ့စ်အသင်းအနေဖြင့် ပထမဆုံး မေဂျာချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သလို ဥရောပပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။

မန်စီးတီးအသင်းမှာမူ ဗိုလ်လုပွဲသို့ သုံး ရာသီဆက်တိုက် တက်ရောက်နိုင်သော်လည်း နှစ်နှစ်ဆက်တိုက် ဒုတိယဖြင့် ကျေနပ်ခဲ့ရပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲပါက ချယ်လ်ဆီး၊ လီဗာ ပူးလ်၊ စပါးအသင်းတို့နှင့်အတူ ပူးတွဲတတိယ အအောင်မြင်ဆုံးအဖြစ်
ရပ်တည်နိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

ထို့ပြင် မန်စီးတီးအသင်းအနေဖြင့် အဓိကဆုဖလားတစ်လုံးမှ မရခြင်းမှာ ဂွါဒီယိုလာ စတင်ကိုင်တွယ်သည့် ၂၀၁၆-၂၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group