
မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) အပြီးမှာ မန်ယူနိုက်တက်အသင်းဟာ ရမှတ် (၃၉) နဲ့ အဆင့် (၁၆) နေရာမှာ ရပ်တည်နေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ထားပေမဲ့ အသင်းနည်းပြ အာမိုရင်မ်ကတော့ အသင်းရဲ့ ပရီးမီးယားလိဂ်ရပ်တည်မှုကတော့ ရှက်စရာကောင်းပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောဆိုထားတာပါ။ Sky Sports နဲ့ အင်တာဗျူးမှာ အာမိုရင်မ်က သူ့ရဲ့မန်ယူနိုက်တက်နည်းပြဘဝအကြောင်းနဲ့ အသင်းအကြောင်းတွေကို အခုလိုပဲ ပြောဆိုခဲ့ပါတယ် . . .
- မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်နှင့် တွေ့ဆုံခြင်း
မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) အပြီးမှာ မန်ယူနိုက်တက်အသင်းဟာ ရမှတ် (၃၉) နဲ့ အဆင့် (၁၆) နေရာမှာ ရပ်တည်နေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ထားပေမဲ့ အသင်းနည်းပြ အာမိုရင်မ်ကတော့ အသင်းရဲ့ ပရီးမီးယားလိဂ်ရပ်တည်မှုကတော့ ရှက်စရာကောင်းပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောဆိုထားတာပါ။ Sky Sports နဲ့ အင်တာဗျူးမှာ အာမိုရင်မ်က သူ့ရဲ့မန်ယူနိုက်တက်နည်းပြဘဝအကြောင်းနဲ့ အသင်းအကြောင်းတွေကို အခုလိုပဲ ပြောဆိုခဲ့ပါတယ် . . .
မေး - ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးပွဲအဖြစ် အစ်ဝစ်ချ်နဲ့ ကစားခဲ့တယ်။ အဲဒီပွဲအပြီးမှာ အသင်းတိုးတက်ချင်တယ်ဆိုရင်၊ ပိုကောင်းချင်တယ်ဆိုရင် ခံစားရမယ်လို့ ခင်ဗျား ပြောခဲ့တယ်။ အခု ခင်ဗျား ခံစားနေရပြီလားလို့ ထင်လား။
ဖြေ - ဒါက ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမဲ့ တစ်ချိန်လုံး အကောင်းမြင်နေဖို့နဲ့ ဒေါသကိုဖုံးကွယ်ထားဖို့က အရမ်းခက်ခဲပါတယ်။ စိတ်ပျက်မှုတွေ၊ ဒေါသတွေနဲ့ အိပ်ပျော်သွားတဲ့နေ့တွေလည်း ရှိတာပေါ့။ ဒါပေမဲ့ နောက်ပွဲအတွက် ပြင်ဆင်ရတယ်။ အာရုံစိုက်ရတယ်။ ပြီးတော့ ကောင်းကွက်တွေကို စဉ်းစားရတယ်။ ဒီရာသီမှာ ကျွန်တော်တို့ပရိသတ်တွေရဲ့ အားပေးပုံကတော့ တကယ်အံ့မခန်းပါ။ အနာဂတ်မှာတော့ ပိုကောင်းတဲ့အရာတွေ ဖြစ်လာမှာပါ။
မေး - ပဲွဲစဉ်တစ်ပွဲအပြီးမှာ အသင်းရဲ့ရလဒ်၊ ဒါမှမဟုတ် စွမ်းဆောင်မှုနဲ့ပတ်သက်လို့ စိတ်ခံစားမှုတွေ အများကြီးရှိမယ်ထင်တယ်။ အဲဒီစိတ်ခံစားမှုတွေကို ထိန်းချုပ်ရတာ ခက်ခဲလား။
ဖြေ - ကျွန်တော်က စိတ်ခံစားချက်ပြင်းထန်သူဆိုတော့ ထိန်းချုပ်ရခက်ခဲပါတယ်။ ဒါပေမဲ့ တချို့အရာတွေကိုတော့ ကျွန်တော် ဖုံးကွယ်ထားရတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်ရဲ့အလုပ်လေ။ အသင်းနဲ့ အသင်းက ဝန်ထမ်းတွေအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်။ ဒီတော့ ကျွန်တော့်အနေ နဲ့ ဂရုတစိုက်ကိုင်တွယ်ဖို့ လိုတယ်။ ဒါပေမဲ့ အချိန်အများစုမှာတော့ ကျွန်တော်က တကယ်ရိုးသားပါတယ်။ ဒီတော့ ကျွန်တော့်အတွက် သိပ်မခက်ခဲပါဘူး။ ပြီးတော့ ဒါကို လက်ခံနိုင်ဖို့လိုတယ်လေ။ အမြဲတမ်းတော့ အကောင်းမြင်နိုင်ဖို့ ကြိုးစားတာပဲပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ပရိသတ်တွေ အမှန်သိအောင်တော့ ပြောရပါတယ်။
မေး - ခင်ဗျားက တစ်ချိန်လုံး ရိုးသားနေတာပဲလား။
ဖြေ - အဲဒီလိုတော့ မထင်ပါဘူး။ ရိုးသားဖို့အတွက်က လွယ်ကူတယ်လို့ ကျွန်တော် ထင်တယ်။ အင်တာဗျူးတွေ ဖြေတဲ့အခါမှာတော့ အနည်းငယ်ခြားနားမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကိုယ်ကိုယ့်ကိုယ် ကာကွယ်တာတွေ လုပ်လေ့မရှိပါ ဘူး။ ဒါပေမဲ့ ကျွန်တော်က တအားရိုးသားနေတဲ့ သူတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ချဉ်းကပ်ရလွယ်ကူတဲ့ နည်းပြတစ်ဦးလို့တော့ ထင်ပါတယ်။
မေး - ယူနိုက်တက်မှာ ခင်ဗျားအကြောင်း ခင်ဗျား ဘာတွေ ပိုသိလာလဲ။
ဖြေ - ဒါက ခက်ပါတယ်။ ပြဿနာ အများကြီးနဲ့ ရင်ဆိုင်ရတယ်။ အဲဒီပြဿနာတွေကို ကျွန်တော် ကိုင်တွယ်နိုင်တယ်လို့ ထင်ပါတယ်။ အခက်အခဲတွေကို ဖြတ်သန်းရတဲ့အချိန်မှာ ကိုယ့်အကြောင်းကို ကိုယ် ပိုသိလာတယ်လို့ ထင်ပါတယ်။
မေး - ယူနိုက်တက်က ဘာတွေပြောင်းလဲဖို့လိုလဲ။
ဖြေ - အသင်းအတွင်း ရှိနေတဲ့ ကျွန်တော်တို့ရဲ့ခံစားချက်ကို ပြောင်းလဲဖို့ လိုပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ကာရင်တန်(မန်ယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးကွင်း)မှာ ကျွန်တော်တို့ ပြောင်းလဲထားတာတွေ အများကြီးပါ။ ဒါကို လူတွေ မသိကြဘူး။ ပြီးတော့ အသင်းအတွင်း ဆက်ဆံရေး၊ အကယ်ဒမီနဲ့ ချိတ်ဆက်မှု အဲဒါတွေအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံး လုပ်နေတယ်။ ဒါကို လူတွေ မမြင်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကစားရတဲ့ပွဲစဉ်တိုင်းမှာ တိုးတက်ဖို့အတွက် ကြိုးစားရမှာပါ။
မေး - ဝက်စ်ဟမ်းကို ရှုံးတဲ့ပွဲအပြီးမှာ အသင်းရဲ့ သမိုင်းကြောင်းကို ပြောခဲ့တယ်နော်။ လက်ရှိ ယူနိုက်တက်က ဘာတွေမှားနေသလဲ။
ဖြေ - ကျွန်တော်တို့ ကစားနေတာတွေ၊ ဒီမှာဖြစ်ပျက်နေတာကို ကြည့်မယ်ဆိုရင် ယူနိုက်တက်က တစ်ခုခုမှားနေပြီဆိုတာကို ခင်ဗျားလည်း ခံစားမိမယ် ထင်တယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို တွန်းအားပေးဖို့အတွက် အဲဒီလိုပြောခဲ့တာပါ။ တခြားစကားလုံးလည်း ကျွန်တော် ရှာမရဘူးလေ။ ပရီးမီးယားလိဂ် (၂၇)ပွဲမှာ (၆)ပွဲပဲ အနိုင်ရတယ်ဆိုတာက တကယ်ရှက်စရာကောင်းပါတယ်။ ဒါက ကျွန်တော်တို့ ကစားတာ တစ်ခုခုမှားနေပြီဆိုတာကို ပြနေတာပဲလေ။
မေး - ကာရင်တန်မှာ တချို့နေရာတွေကို ပြုပြင် မွမ်းမံနေတာမျိုးတွေ၊ ပြန်လည်တည်ဆောက်နေတာတွေ ရှိတယ်လေ။ အဲဒီအရာတွေက အသင်းခြေစွမ်းအပေါ် သက်ရောက်မှုရှိလား။
ဖြေ - ဒါကတော့ ပြောရခက်ပါတယ်။ ကျွန်တော်တို့က အားလုံးကို ကောင်းအောင် လုပ်နေကြတာကို။ ကျွန်တော်တို့ လုပ်နေတာတွေ အများကြီးပါပဲ။ ဝန်ထမ်းတွေလည်း ပြောင်းလဲလိုက်တာ အများကြီးပါ။ ဒါက မကောင်းပါဘူး။ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ပိုကောင်းချင်တယ်၊ ပိုတိုးတက်ချင်တယ်ဆိုရင် အလုပ်သမားတွေကို လုံခြုံတယ်ဆိုတဲ့ စိတ်ခံစားမှုပေးနိုင်ဖို့ လိုတယ်။ ဒီမှာက အဲဒီလို မပေးနိုင်ဘူးလေ။ ဒါကို ကျွန်တော်တို့ ကိုင်တွယ်ရမယ်။ ဒါကို ကျွန်တော်တို့ ပြောင်းလဲရမယ်။ ဒါပေမဲ့ ဒါတွေကို အကြောင်းပြပြီး ရလဒ်ဆိုးရွားမှုတွေကို ကျွန်တော် မဖုံးကွယ်ချင်ပါဘူး။ ဒါပေမဲ့ အဲဒါတွေက အသင်းအပေါ် သက်ရောက်မှုတော့ ရှိပါတယ်။
မေး - ခင်ဗျားကိုယ် ခင်ဗျား ယုံကြည်မှုရှိသလို၊ လူတိုင်းလည်း ယုံကြည်မှုရှိကြတယ်။ ဒါပေမဲ့ အရှုံးတွေများလာတဲ့အခါ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာပဲ မဟုတ်လား။
ဖြေ - ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ယုံကြည်မှုမရှိဘဲ နေထိုင်နိုင်တဲ့ အခိုက်အတန့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောနေတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဟုတ်ပါဘူး။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်လေ။ ကျွန်တော်တို့ ရှုံးလို့ မဖြစ်ဘူး။ ကျွန်တော်တို့ သရေကျလို့ မဖြစ်ဘူး။ ကျွန်တော်တို့ အဆုံးထိတိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။ အခု ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ရပ်တည်နေတဲ့အဆင့်က လက်ခံနိုင်စရာ မရှိပါဘူး။
မေး - ငါ ဒီထက်ပိုကောင်းအောင် လုပ်နိုင်တယ် ဆိုပြီး ဒေါသထွက်မိတဲ့အခါမျိုးရော ရှိလား။
ဖြေ - အဲဒီလိုခံစားမှုမျိုးတော့ ကျွန်တော့်မှာ အမြဲတမ်း ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ရှုံးတဲ့ အခါမျိုးမှာပေါ့။ ကျွန်တော်က နည်းပြလေ။ ကျွန်တော်က ဒီမှာ အဓိကတာဝန်ရှိသူလည်းဖြစ်တယ်။ အသင်းရဲ့ ရလဒ်ဆိုးရွားမှုတွေကို အသင်းမှာရှိတဲ့ ကစားသမား (၃)၊ (၄) ယောက်လောက်ကို လက်ညှိုးထိုးပြီး အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်က စိတ်ခံစားချက်မှု ပြင်းထန်သူဆိုတော့ တစ်ခါတလေ ရန်လိုသလိုဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ဖြစ်ချင်တယ်။ ဒါကြောင့် တစ်ခါတလေ ဒေါသထွက်မိတဲ့အခါမျိုးတွေလည်း ရှိတာပေါ့။ ကျွန်တော် မကျဆုံးချင်ဘူးလေ။ ကျွန်တော့်မှ မဟုတ်ပါဘူး။ ဘယ်သူမှ မကျဆုံးချင်ကြပါဘူး။
မေး - အသင်းက နိုင်လိုက်၊ ရှုံးလိုက်ဆိုတော့ ယူ ရိုပါလိဂ်အတွက် အရှိန်ရပြီလို့ ဆိုနိုင်လား။
ဖြေ - ကျွန်တော်ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အသင်း အရှိန်ရတယ်၊ မရဘူးဆိုတာနဲ့ပတ်သက်ပြီး စိတ်မပူပါဘူး။ ဗိုလ်လုပွဲက တခြားပွဲတွေနဲ့မတူဘဲ ကွဲပြားခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စပါးအသင်းကလည်း ကျွန်တော်တို့နဲ့ အတူတူပဲလေ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲအပေါ် ဘယ်လို နားလည်တယ်။ ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်ဆိုတဲ့ အချက်ကို နားလည်တဲ့ အပေါ်မှာ မူတည်တယ်ထင်တယ်။ ကျွန်တော်တို့အနေနဲ့ ဒီရာသီပရီးမီးယားလိဂ်မှာ ဘာအတွက်မှ တိုက်ပွဲဝင်ခွင့်မရခဲ့တာ အရမ်းကိုနားလည်ရခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းက မန်ချက်စတာယူနိုက်တက်လေ။ မန်ချက်စတာယူနိုက်တက်ဆိုတော့ ဒီထက်တော့ ပိုကောင်းသင့်တာပေါ့။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုတွေ၊ အသင်းမှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို ကျွန်တော် ကြားပါတယ်။ ဒါပေမဲ့ သူတို့ကို ကျွန်တော် ဘာမှမပြောပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ ပြောတာတွေ မှန်တယ်လေ။ ကျွန်တော်တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့အတွက် ဝေဖန်မှုတွေ ပိုလိုအပ်တယ်လို့ ထင်ပါတယ်။ ဝေဖန်မှုတွေကို ခေါင်းငုံ့ခံမနေဘဲ ဒေါသနဲ့တုံ့ပြန်ဖို့ လိုပါတယ်။