Eleven Media Group

ဆုဖလားရရှိရန်အတွက် မိမိ၏အသက်ကိုပင် ပေးအပ်ရန်အသင့်ရှိသည်ဟု အာတီတာဆို

Photo: X

အာဆင်နယ်အသင်း၏နည်းပြ အာတီတာက ဆုဖလားရရှိရန်အတွက် မိမိ၏အသက်ကိုပင် ပေးအပ်ရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သေချာသွားခဲ့သည်။
ဒုတိယနေရာအတွက်မူ သချင်္ာနည်းအရ မန်စီးတီးအသင်း၏ ရလဒ်ကို စောင့်ကြည့်ရဦးမည်ဖြစ်သော်လည်း ဂိုးကွာခြားချက်များစွာ အသာရရှိထားသဖြင့် သေချာသလောက်ဖြစ်နေသည်။
သို့သော် အာဆင်နယ်အသင်းသည် ယခုရာသီတွင်လည်း ဖလားလက်မဲ့အဖြစ်သာ အဆုံးသတ်ခဲ့ရသောကြောင့် နောက်ဆုံး(၅)ရာသီဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ရသည်။
ထို့ကြောင့် အာတီတာက ပရိသတ်များကို တောင်းပန်စကားပြောကြားခဲ့ပြီး ဆုဖလားအောင်ပွဲရရှိရန်အတွက် မိမိ၏အသက်ကိုပင် ပေးအပ်ရန်အသင့်ရှိသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
နယူးကာဆယ်နှင့်ပွဲအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာတီတာက ''လီဗာပူးလ်က ဖလားတစ်လုံးရရှိခဲ့ပြီး ကျွန်တော်တို့က ဖလားမရခဲ့ပါဘူး။ ဒီအတွက် ကျွန်တော်တို့ စိတ်ပျက်ရသလို၊ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဘာကတိပေးနိုင်သလဲဆိုတော့ ဆုဖလားရရှိဖို့ အကောင်းဆုံးလုပ်ဆောင်သွားမယ်ဆိုတာနဲ့ ကျွန်တော့်ရဲ့အသက်ကိုတောင် ပေးသွားမယ်ဆိုတာပါပဲ။ ပြီးတော့ ဒီအသင်းမှာ ရှိနေတဲ့ လူတိုင်းဆီက အကောင်းဆုံးစွမ်းရည်တွေကိုလည်း ညှစ်ထုတ်ယူသွားမှာပါ''ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၁၉-၂၀ ရာသီတွင် FA ဖလားရယူနိုင်ခဲ့ပြီးနောက် (၅)ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ခြင်းဖြစ်ပြီး အာတီတာ၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။
သို့သော် အာတီတာကမူ မိမိတို့အနေဖြင့် စိတ်အားထက်သန်မှုအပြည့်၊ ဆာလောင်မှုအပြည့်ရှိနေသည့်အတွက် မကြာမီ ဆုဖလားအောင်ပွဲများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group