Eleven Media Group

ဂူဒီဆင်ပတ်ခ်ကွင်းအား နောက်ဆုံးနှုတ်ဆက်သည့်ပွဲကို အဲဗာတန်ပရိသတ်များစွာ လာရောက်ခဲ့သောကြောင့် အပြာရောင်လူပင်လယ်ဖြစ်သွားခဲ့ဟု ဗြိတိန်မီဒီယာများ ဖော်ပြ

Photo: X

နှစ်ပေါင်း(၁၃၃)နှစ်ကြာ အသုံးပြုခဲ့သည့် ဂူဒီဆင်ပတ်ခ်ကွင်းအား နောက်ဆုံးနှုတ်ဆက်သည့်ပွဲကို အဲဗာတန်ပရိသတ်များစွာ လာရောက်ခဲ့ကြသောကြောင့် အပြာရောင်လူပင်လယ် ဖြစ်သွားခဲ့ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
အဲဗာတန်အသင်းသည် ဂူဒီဆင်ပတ်ခ်ကွင်းကို ၁၈၉၂ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လာမည့်ရာသီတွင်မူ ကွင်းသစ်ကို ပြောင်းလဲအသုံးပြုသွားမည် ဖြစ်သည်။
အဲဗာတန်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ဆောက်သမ်တန်နှင့်ပွဲတွင် ဂူဒီဆင်ပတ်ခ်ကွင်းကို နောက်ဆုံးအသုံးပြုပြီး နှုတ်ဆက်ခဲ့ခြင်းဖြစ်သည့်အတွက် အဲဗာတန်ပရိသတ်များစွာက နံနက်(၈းဝ၀)နာရီ ဝန်းကျင်ကတည်းက လာရောက်စုဝေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဂူဒီဆင်ပတ်ခ်ကွင်းမှာ ပရိသတ် (၃၉၄၁၄)ဦး ဝင်ဆံ့ပြီး နောက်ဆုံးပွဲစဉ်အတွက် လက်မှတ်စျေးနှုန်းမှာ တစ်ဆင့်ပြန်လည်ရောင်းချသူများထံ၌ ပေါင် (၁၀၀၀)အထိ တန်ဖိုးမြင့်တက်ခဲ့ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် ဂူဒီဆင်ပတ်ခ်ကွင်းအား နောက်ဆုံးနှုတ်ဆက်သည့်ပွဲဖြစ်သောကြောင့် အသင်း၏ ကစားသမားဟောင်းများကို ဖိတ်ကြားခဲ့ကြောင်းလည်း သိရသည်။
အဲဗာတန်အသင်းသည် ဂူဒီဆင်ပတ်ခ်ကွင်းတွင် နှစ်ပေါင်း(၁၃၃)နှစ်အတွင်း ပွဲပေါင်း(၂၇၉၁)ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး (၁၅၃၈)ပွဲ အနိုင်ရခဲ့ကြောင်း သိရသည်။
ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲမှာ အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ်အတွက် ဂူဒီဆင်ပတ်ခ်ကွင်း၌ ကိုင်တွယ်ခွင့်ရသည့် (၂၇၀)ပွဲမြောက်ဖြစ်ပြီး ၎င်းထက် ပိုမိုကိုင်တွယ်ခွင့်ရသည့်နည်းပြ (၃)ဦးသာရှိကြောင်း သိရသည်။
ဂူဒီဆင်ပတ်ခ်နှုတ်ဆက်ပွဲတွင် ပရိသတ်များစွာ လာရောက်ခဲ့ခြင်းနှင့် နိုင်ပွဲရယူနိုင်ခဲ့ခြင်းအတွက် ကျေနပ်ဝမ်းမြောက်မိကြောင်း ဒေးဗစ်မွိုက်စ်က ပြောကြားခဲ့သည်။
''ကွင်းအပြင်ဘက်က မြင်ကွင်းကတော့ မယုံနိုင်စရာပါပဲ။ ဒီလိုနေ့တွေ၊ ဒီလိုအရာတွေကို ကလပ်အသင်းတစ်သင်းအနေနဲ့ အနာဂတ်မှာလည်း လိုအပ်တယ်လို့ ထင်ပါတယ်။ ကစားသမားတွေအနေနဲ့ ဒီနေ့ပွဲအတွက် ဖိအားတွေ ရှိနေခဲ့ပေမဲ့ ကျွန်တော်တို့ လိုအပ်နေတဲ့အရာကို လုပ်နိုင်ခဲ့ပါတယ်။ နိုင်ပွဲလည်း ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်''ဟု ပြောကြားခဲ့သည်။
အဲဗာတန်အသင်းသည် လာမည့်ရာသီတွင် ပရိသတ် (၅၃၀၀၀)နီးပါး ဝင်ဆံ့သည့် ကွင်းသစ်ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါကွင်းသစ်မှာ လီဗာပူးလ်မြို့အခြေစိုက် Hill Dickinson ဥပဒေလုပ်ငန်းထံ ကွင်းအမည်မူပိုင်ခွင့် ရောင်းချထားသောကြောင့် Hill Dickinson Stadium ဟု အမည်ပေးထားကြောင်း သိရသည်။
ယင်းရောင်းချမှုအတွက် စာချုပ်တန်ဖိုးကို ထုတ်ပြန်ခြင်းမရှိသော်လည်း နှစ်ရှည်သဘောတူညီမှုဖြစ်ကြောင်း ကြေညာထားသည်။
အဲဗာတန်အမျိုးသမီးအသင်းမှာမူ ဂူဒီဆင်ပတ်ခ်ကွင်းတွင် လာမည့်ရာသီ ဆက်လက်ယှဉ်ပြိုင်မည်ဟု သိရသည်။

မူရင်းသတင်း — Eleven Media Group