
ရာသီကုန်ချိန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည့် အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် Summer of 66 ဟု အမည်ပေးထားသည့် နှုတ်ဆက်ပါတီပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာနိုးလ်သည် လီဗာပူးလ်အသင်း၌ ကျောနံပါတ်(၆၆)သာ တစိုက်မတ်မတ် ဝတ်ဆင်ကစားခဲ့သောကြောင့် ပါတီပွဲကို ယင်းကဲ့သို့ အမည်ပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်စနေနေ့တွင် အသင်း၏လေ့ကျင့်ရေးကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အာနိုးလ်၏ နှုတ်ဆက်ပါတီပွဲသို့ နည်းပြ အာနယ်ဆလော့နှင့်အတူ လီဗာပူးလ်ကစားသမားများ၊ အာနိုးလ်၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၃၅၀)ကျော် ယှဉ်ပြိုင်ကစားခဲ့သူဖြစ်သည်။
အာနိုးလ်(၂၆ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းမတိုးတော့ဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းက လမ်းခွဲတော့မည့်သတင်းကို မေ(၅)ရက်တွင် အတည်ပြုကြေညာခဲ့ပြီး ယင်းနောက်ပိုင်း ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်များတွင် လီဗာပူးလ်ပရိသတ်များက ၎င်းကို အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် အသင်းဖော် ဆာလာက ပရိသတ်များအနေဖြင့် အာနိုးလ်ကို လေးစားမှုရှိသင့်ကြောင်း ပြောကြားခဲ့သည်။