
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ၎င်းနှင့် အယ်လ်နာဆာဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့အကြား ပြိုင်ဆိုင်မှုများမှာ ၎င်းတို့နှစ်ဦးစလုံးနှင့် ဘောလုံးအားကစားကို ချစ်မြတ်နိုးသူများအတွက် အလှပဆုံးအချိန်များဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ဘောလုံးလောကကို လွှမ်းမိုးခဲ့သူများဖြစ်ပြီး ထိပ်တန်းအဆင့်တွင် ကာလကြာရှည်စွာ ကစားနိုင်ခဲ့သူများဖြစ်သည်။
၎င်းတို့နှစ်ဦးအကြား ပြိုင်ဆိုင်မှုမှာ မဟာပြိုင်ဘက်များဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့တွင် ကစားခဲ့ခြင်းကြောင့်လည်း ပိုုမိုပြင်းထန်ခဲ့သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ၂၀၀၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ နှစ်ပေါင်း (၂၀)ကျော် ဘောလုံးလောကကို စိုးမိုးခဲ့ကြပြီး ၎င်းတို့နှစ်ဦးသည် Ballon d'Or ဆုကို (၁၃) ကြိမ် ရယူနိုင်ခဲ့သည်။
မက်ဆီက Ballon d'Or ဆုကို စံချိန်တင် (၈) ကြိမ် ရရှိခဲ့ပြီး စီရော်နယ်လ်ဒိုက ဒုတိယအများဆုံးအဖြစ် (၅) ကြိမ်အထိ ရရှိခဲ့သည်။
Ballon d'Or ၏ တရားဝင် X အကောင့်နှင့်တွေ့ဆုံရာတွင် မက်ဆီက ''ကျွန်တော်နဲ့ စီရော်နယ်လ်ဒိုအကြား အမြဲပြိုင်ဆိုင်ခဲ့ကြတာပါ။ အားကစားအရကြည့်မယ်ဆိုရင် အဲဒါက အရမ်းကိုလှပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သူတွေဖြစ်ပြီး ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး ပိုကောင်းအောင် တွန်းအားပေးခဲ့ကြတာပါ။ စီရော်နယ်လ်ဒိုက အမြဲတမ်းအရာအားလုံးကို အနိုင်လိုချင်သလို၊ ကျွန်တော်လည်း အဲဒီလိုပါပဲ။ သူနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့အချိန်တွေဟာ ကျွန်တော်တို့အတွက်ရော ဘောလုံးကိုချစ်မြတ်နိုးတဲ့သူတွေအတွက်ပါ အလှပဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် ထာဝရအကောင်းဆုံးအဖြစ် သတ်မှတ်ခံရသူများဖြစ်ပြီး မော်ဒန်ဘောလုံးလောကတွင် ၎င်းတို့၏လွှမ်းမိုးမှုမှာ ယခုအချိန်ထိ ကြီးမားနေဆဲဖြစ်သည်။