
အဲဗာတန်အသင်း၏ ပရိသတ်များသည် ဂူဒီဆင်ပတ်ခ်နှုတ်ဆက်ပွဲသို့ ရောက်ရှိလာသည့် တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီကို အော်ဟစ်လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဲဗာတန်အသင်းသည် ယခုနှုတ်ဆက်ပွဲ၌ ကစားသမားဟောင်းများစွာကို ဖိတ်ကြားခဲ့ရာ အသင်း၏အကယ်ဒမီထွက်ကစားသမားဖြစ်သော ၀ိန်းရွန်နီလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
၀ိန်းရွန်နီသည် အသက်(၉)နှစ်အရွယ်ကတည်းက အဲဗာတန်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်း၌ ခြေစွမ်းပြခွင့်ရပြီးမကြာမီမှာပင် မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့သည်။
ထို့ကြောင့် အဲဗာတန်အသင်း၏ ပရိသတ်အချို့က ၎င်းအပေါ် ဒေါသထွက်နေဆဲဖြစ်သည့်အတွက် လှောင်ပြောင်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဂူဒီဆင်ပတ်ခ်ကွင်းအတွင်း ၀ိန်းရွန်နီအား အင်တာဗျူးပြုလုပ်စဉ် အဲဗာတန်ပရိသတ်များက ၀ိန်းရွန်နီနှင့်အတူ ရှိနေသည့် ဒန်ကန်ဖာဂူဆန်၏အမည်ကို အော်ဟစ်၍ အနှောင့်အယှက်ပေးခဲဲ့သလို၊ Manchester is full of s**t ဟုလည်း အော်ဟစ်ခဲ့ကြသည်။
ယင်းအတွက် ၀ိန်းရွန်နီက မိမိသည် လီဗာပူးလ်မြို့သားဖြစ်သည်ဟု တုံ့ပြန်ခဲ့ပြီး ယခုနှုတ်ဆက်ပွဲအတွက် အလွန်စိတ်လှုပ်ရှားမိသည်ဟုလည်း ပြောကြားခဲ့သည်။
၀ိန်းရွန်နီသည် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ချိန်တွင်လည်း အဲဗာတန်အသင်း၌ တစ်ကျော့ပြန်ကစားခဲ့သည်။
၎င်းသည် ၂၀၂၀ ခုနှစ်တွင် နည်းပြလောကသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာတွင် ပလိုင်းမောက်အသင်းနှင့် လမ်းခွဲပြီးနောက် လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသည်။