Eleven Media Group

ရာသီသစ်၌ ပိုကောင်းသည့်အသင်းဖြစ်လာအောင် ပြုလုပ်ပေးသွားမည်ဟု အာဆင်နယ်အသင်း၏ ပူးတွဲဥက္ကဋ္ဌ ဂျို့ရှ်ကရွန်ကီ ကတိပြု

Photo: Arsenal

အာဆင်နယ်အသင်း၏ ပူးတွဲဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဂျို့ရှ်ကရွန်ကီက လာမည့်ရာသီ၌ ပိုကောင်းသည့်အသင်းဖြစ်လာအောင် အပြောင်းအရွှေ့စျေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
''မီခေးလ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့တွေရော ကစားသမားတွေပါ ဒီရာသီမှာ စိန်ခေါ်မှုတွေနဲ့ တောက်လျှောက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် သူတို့ကို အသိအမှတ်ပြုချင်ပါတယ်။ ဒီနေ့ ချန်ပီယံလိဂ်ဝင်ခွင့် (၃)ရာသီဆက်တိုက်ရရှိအောင် သူတို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာကို (၃)ရာသီမြောက်ရရှိဖို့ နီးစပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လိုချင်တာက ချန်ပီယံဆုပါ။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ လာမယ့်ရာသီမှာ ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားဒါရိုက်တာ အန်ဒရီယာက အရေးပါတဲ့နေရာကနေ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့နည်းလမ်း၊ အာဆင်နယ်ရဲ့နည်းလမ်းအတိုင်း လျှောက်လှမ်းသွားမှာပါ''ဟု ဂျို့ရှ်ကရွန်ကီက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် နွေရာသီတွင် ဇူဘီမန်ဒီ(ဆိုစီဒက်)၊ ရှက်ရှကို(လိုက်ပ်ဇစ်)၊ ယိုကယ်ရက်စ်(စပို့တင်းလစ္စဘွန်း)နှင့် နီကိုဝီလျံစ်(ဘီလ်ဘာအို)တို့ကို ခေါ်ယူရန် ကြိုးပမ်းနေသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နှစ်တွင် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူရန် ပျက်ကွက်ခဲ့သည့်အတွက် ယခုရာသီတွင် ဆုဖလားအောင်ပွဲနှင့် လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
ထို့ကြောင့် ယခုနွေရာသီတွင် ကစားသမားသစ်များ ခေါ်ယူပေးမည်ဟု ဂျို့ရှ်ကရွန်ကီက ကတိပြုခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းခြေစွမ်းမရှိသည့် ကစားသမားအချို့ကိုလည်း ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group