
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော် သွားရောက်ကစားနေသည့် ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမှာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲပြီးဆုံးချိန်တွင် သီဟဇော်၏ နာဂါဝေါလ်အသင်းမှာ အမှတ်ပေးဇယားတွင် အဆင့် ၅ နေရာ၌ ရပ်တည်ခဲ့ပြီး သီဟဇော်မှာမူ အသင်းအတွက် ခုနစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်(၃၀) ကို ပြီးခဲ့သည့်မေ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပွဲစဉ်(၃၀) တွင် သီဟဇော်၏ နာဂါဝေါလ်အသင်းသည် အိမ်ကွင်း၌ ဘိုရင်ကတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲတွင် သီဟဇော်သည် နာဂါဝေါလ်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သော်လည်း အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
နောက်ဆုံးပွဲစဉ် (၃၀) အပြီးတွင် သီဟဇော်၏ နာဂါဝေါလ်အသင်းသည် ပွဲ (၃၀) ကစား၊ (၁၃) ပွဲနိုင်၊ (၄) ပွဲ သရေ၊ (၁၃) ပွဲရှုံး၊ ရမှတ် (၄၃) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၅) နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲအပြီးတွင် PKR Savy Rieng အသင်းက ပွဲ (၃၀) ကစား၊ (၂၅) ပွဲနိုင်၊ (၁) ပွဲ သရေ၊ (၄) ပွဲရှုံး၊ ရမှတ် (၇၆) မှတ်ဖြင့် ချန်ပီယံဆု ရရှိခဲ့ကြောင်း သိရသည်။
PKR Savy Rieng အသင်းသည်ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီကလည်း ကမ္ဘောဒီးယား ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲထားခဲ့သောကြောင့် နှစ်ရာသီဆက် အနိုင်ရဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲကို အသင်း(၁၁) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်(၂၀) အပြီးတွင် ထိပ်ဆုံးရပ်တည်မှုရ အသင်း(၆) သင်းအား ချန်ပီယံဆုအတွက် အုပ်စုပတ်လည်ပုံစံ နှစ်ကျော့ဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း သိရသည်။
သီဟဇော်၏ နာဂါဝေါလ်အသင်းသည် ဒုတိယအကျော့ ပွဲစဉ်(၂၀) အပြီးတွင် အမှတ်ပေးဇယားတွင် အဆင့်(၅) နေရာ ရပ်တည်နိုင်ခဲ့သောကြောင့် ချန်ပီယံဆုအတွက် ထိပ်ဆုံး(၆) သင်းသာ ဆက်လက်ယှဉ်ပြိုင်ရသည့် အုပ်စုပတ်လည်ပုံစံ နှစ်ကျော့ဆက်လက်ကစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သီဟဇော်သည် နာဂါဝေါလ်အသင်းအတွက် ယခုရာသီ၌ လေးပွဲဆက် ဂိုးသွင်းယူပေးထားခဲ့ဖူးသလို ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MVP) ကို သုံးကြိမ်အထိ ရရှိထားခဲ့ကြာင်း သိရသည်။
ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းသည် သီဟဇော်ကို ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီ စာချုပ်ချုပ်ဆို၍ ခေါ်ယူထားခြင်းဖြစ်၍ ယခုအခါ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။