Eleven Media Group

မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၏ ဒုခေါင်တွဲဆိုင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ထွန်းမင်းအောင်နေရာတွင် ရာမာန် အစားထိုးဝင်ရောက်လာ

Photo: MFC

MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက ကြီးမှူးကျင်းပမည့် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၏ ဒုခေါင်တွဲဆိုင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မြန်မာဖိုက်တာ ထွန်းမင်းအောင်နေရာတွင် ရာမာန် အစားထိုးဝင်ရောက်လာခဲ့ကြောင်း သိရသည်။
MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းသည် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမည့်မေ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင်မည်ဖြစ်ပြီး အဓိက တွဲဆိုင်းသုံးဆိုင်းစီစဉ်ထားကာ မြန်မာနှင့် ထိုင်းဖိုက်တာများ ထိုးသတ်မည့် တွဲဆိုင်းနှစ်ဆိုင်းလည်း ပါဝင်နေကြောင်း သိရသည်။
ပြိုင်ပွဲတွင် သုံးချီစိန်ခေါ်ပွဲ ငါးဆိုင်း၊ လေးချီစိန်ခေါ်ပွဲ လေးဆိုင်းနှင့် ငါးချီစိန်ခေါ်ပွဲ သုံးဆိုင်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သုံးချီစိန်ခေါ်ပွဲများအဖြစ် စောထက်အောင်နှင့် အောင်ဟိန်း၊ လာကပေါနှင့် စောလယ်တာမလာ၊ ကျားသစ်အောင်နှင့် ကောင်းထက်ဟိန်း၊ ရဲမင်းအောင်နှင့် စိုင်းသစ်မင်း၊ ကောင်းပြည့်စုံနှင့် ကိုကိုလင်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
လေးချီစိန်ခေါ်ပွဲများအဖြစ် စိန်လုံးချောနှင့် သွေးသစ်မောင်၊ ဝီသော်ဦးနှင့် အောင်ကောင်းကျော်၊ မြလုံးချောနှင့် စောမင်းနိုင်၊ ကြယ်တစ်ပွင့်နှင့် နိုင်ဝင်းထွန်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အဓိက ငါးချီစိန်ခေါ်ပွဲများအဖြစ် ကျော်ဇင်လတ်နှင့် ထွန်းတောက်မင်း၊ ဒုခေါင်တွဲဆိုင်းအဖြစ် ရာမာန်နှင့် ကစ်တီဆက်(ထိုင်း)၊ အဓိကခေါင်တွဲဆိုင်းအဖြစ် ထွန်းမင်းနိုင် နှင့် ဗီနွတ်(ထိုင်း) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းသည် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် ရုံဝင်ကြေးလက်မှတ်များကို ကျပ်(၁၅၀၀၀၊ ၂၅၀၀၀၊ ၅၀၀၀၀၊ ၁၀၀၀၀၀) သတ်မှတ်ထားပြီး မေ ၁၉ ရက်မှစ၍ သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ဝယ်ယူနိုင်မည်ဖြစ်သလို အွန်လိုင်းမှလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို လာမည့်မေ ၂၅ ရက်၊ နေ့လယ် ၁ နာရီမှစ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ပတ်သက်၍မူ MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း သိရသည်။
MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းသည် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မူလက ပြီးခဲ့သည့်ဧပြီ ၂၇ ရက်တွင် ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း မကြာမီက ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးနှင့် ဆက်စပ်ပြီး ပရိသတ်များ၊ ကစားသမားများနှင့် အခြားသော အထွေထွေစီစဉ်ဆောင်ရွက်မှုများတွင် အခက်အခဲများရှိနေသောကြောင့် ပြိုင်ပွဲကို ရက်အနည်းငယ်နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ နောက်ဆုတ်ကျင်းပခဲ့ခြင်းကြောင့် ဒုခေါင်တွဲဆိုင်းအဖြစ် မူလစီစဉ်ထားခဲ့သော မြန်မာဖိုက်တာ ထွန်းမင်းအောင်နှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ကစ်သီဆက် တွဲဆိုင်းတွင် ထွန်းမင်းအောင်နေရာ၌ ရာမာန် အစားထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းသည် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group