
၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို စက်တင်ဘာ(၂၂) တွင် ကျင်းပမည်ဖြစ်ပြီး ဆန်ခါတင် (၃၀)ဦးစာရင်းကို သြဂုတ်လတွင် ထုတ်ပြန်ကြေညာသွားမည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အတည်ပြုခဲ့သည်။
Ballon d'Or ဆုမှာ ဘောလုံးရာသီတစ်ခုအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်သည့် ဘောလုံးသမားကို ရွေးချယ်ချီးမြှင့်သည့်ဆု ဖြစ်သောကြောင့် ပရိသတ်များက စိတ်ဝင်စားကြသလို၊ ကစားသမားများကလည်း တန်ဖိုးထားကြသည်။
ယင်းဆုကို ၁၉၅၆ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး လက်ရှိအချိန်အထိ ဆုရရှိသည့်ကစားသမား (၄၆)ဦးရှိနေသည်။
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ဆုတံဆိပ်အများဆုံးရယူနိုင်သည့် ကစားသမားအဖြစ် (၈)ကြိမ်ဖြင့် ဦးဆောင်နေပြီး နောက်ဆုံးရရှိထားသည့်ကစားသမားမှာ စပိန်ကွင်းလယ်ကစားသမား ရိုဒရီဖြစ်သည်။
၂၀၂၅ခုနှစ်အတွက် Ballon d'Or ဆုကို PSG အသင်းမှ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီ ရရှိလိမ့်မည်ဟု ရေပန်းစားနေပြီး ၎င်း၏နောက်တွင် ယမားလ်(ဘာစီလိုနာ)၊ ဆာလာ(လီဗာပူးလ်)၊ ရာဖင်ညာ (ဘာစီလိုနာ)၊ လော်တာရိုမာတီ နက်ဇ်(အင်တာမီလန်)၊ ဒွန်နာရမ်မာ (PSG)တို့ ရပ်တည်လျက်ရှိသည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ၂၀၂၅ ခုနှစ်အတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်းကို သြဂုတ်လ(၁၅)ရက်မတိုင်မီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ဘောလုံးဂျာနယ်လစ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။