
မန်စီးတီးအသင်းသည် အင်္ဂါနေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် ဘုန်းမောက်အသင်းနှင့်ပွဲစဉ်တွင် ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားအတွက် နှုတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲမှာ မန်စီးတီးအသင်း၏ ယခုရာသီ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်သောကြောင့် ရာသီကုန်၌ လမ်းခွဲတော့မည့် ဒီဘရိုင်းနားအတွက် နှုတ်ဆက်ပွဲ ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယင်းပွဲတွင် ဒီဘရိုင်းနားအား ပွဲထွက်ကစားသမားအဖြစ် အသုံးပြု၊ မပြုကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် မန်စီးတီးနှင့် လမ်းခွဲပြီးပါက ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ ပြောင်းရွှေ့ကစားရန်သာ ဆန္ဒရှိနေကြောင်း သိရသည်။
၎င်းအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ရောက်လာပြီး အသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့သည်။
ပြိုင်ပွဲစုံ ပွဲ ၄၂၀ ကစားကာ ၁၀၈ ဂိုး သွင်းထားပြီး အသင်းနှင့် ဆုဖလားပေါင်း ၁၆ လုံး ဆွတ်ခူးခဲ့သည်။