Myanmar Transparency News

အငြိမ်းစားသံအမတ်ကြီးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် PDF များနှင့် ဆက်စပ်သံသယရှိသူ ဆယ်ဦးကျော်ကို ခေါ်ယူ စစ်ဆေးနေသော်လည်း ကျူးလွန်ကြသည့် GVW အဖွဲ့က PDF များကို ဖမ်းမမိသေး

၂၃.၅.၂၀၂၅
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရွှေနှင်းဆီ(၆)လမ်းတွင် ယမန်နေ့ မေလ ၂၂ ရက် နံနက် ၉ နာရီခန့်က အသက် ၆၈ နှစ်အရွယ် အငြိမ်းစား သံအမတ်ကြီးနှင့် အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် PDF များနှင့် ဆက်စပ်သံသယရှိသူများကို စစ်ဆေးနေကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“အခုကတော့ ဖမ်းထားတဲ့ သူတွေ ဆယ်ဂဏန်းကျော်တော့ ရှိတယ်။ ဒါပေမဲ့ ကျူးလွန်သွားသူတွေတော့ မပါသေးဘူး။ လက်ရှိ ဆက်စပ်သံသယတွေကို စစ်ဆေးတာ လုပ်နေတယ်လို့ သိရတယ်”ဟု အဆိုပါ နီးစပ်သူက MT News ကို ပြောသည်။

အခင်းဖြစ်ရာနေရာတွင် ကျည်ခွံ(၆)ခု၊ ကျည် (၂) တောင့်၊ ထိပ်ဖူး(၁)ခု၊ ဓားချွန်တစ်လက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုမှာ Golden Valley Warriors (GVW) အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ၎င်းတို့က ဝန်ခံထုတ်ပြန်ထားသည်။

အငြိမ်းစား သံအမတ်ကြီးနှင့် အငြိမ်းစား ဗိုလ်ချုပ် ချိုထွန်းအောင် လုပ်ကြံခံရသည့် သတင်း၊ သေဆုံးသွားပြီး နောက် PDF များကို ပိုက်စိပ်တိုက်ရှာဖွေနေသည့် သတင်းများကို MT News က ဖော်ပြထားပြီး ဖြစ်သည်။

ပုံစာ။ ဗိုလ်ချုပ်(ငြိမ်း) ချိုထွန်းအောင်ကို သတ်ခဲ့သူနှစ်ဦးနှင့် အခင်းနေရာမှ တွေ့ရှိရသောကျည်။

မူရင်းသတင်း — Myanmar Transparency News