Eleven Media Group

ဘယ်ကိုသွားမလဲ ချာကီ

Photo : X

မကြာခင်မှာ နွေရာသီအပြောင်းအရွှေ့ ရောက်တော့မယ်။ ဒီအချိန်မှာ တချို့ကစားသမားတွေက အသင်းကထွက်ခွာဖို့ ပြင်ဆင်နေကြပြီ။ ဒီလိုကစားသမားတွေထဲမှာ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ချာကီလည်းပါဝင်ခဲ့ပြီး ရာသီကုန်မှာ အသင်းကထွက်တော့မယ်လို့ အတည်ပြုခဲ့တယ်။

မကြာခင်မှာ နွေရာသီအပြောင်းအရွှေ့ ရောက်တော့မယ်။ ဒီအချိန်မှာ တချို့ကစားသမားတွေက အသင်းကထွက်ခွာဖို့ ပြင်ဆင်နေကြပြီ။ ဒီလိုကစားသမားတွေထဲမှာ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ချာကီလည်းပါဝင်ခဲ့ပြီး ရာသီကုန်မှာ အသင်းကထွက်တော့မယ်လို့ အတည်ပြုခဲ့တယ်။

ဒီရာသီမှာမှ လိုင်ယွန်အသင်းနဲ့ တောက်ပလာတဲ့ ချာကီကို ဥရောပထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြတယ်။ လီဗာပူးလ်၊ မန်ယူ၊ ဒေါ့မွန်တို့လိုအသင်းတွေက ချာကီကို ပစ်မှတ်ထားနေကြတယ်။ အသက် (၂၁)နှစ်အရွယ်သာရှိသေးတဲ့ ချာကီဟာ ဒီရာသီပြင်သစ်လီဂူးပြိုင်ပွဲမှာ တစ်ဦးချင်းအောင်မြင်မှုတွေကို ရယူနိုင်ခဲ့တယ်။ ၂၀၂၄-၂၅ ရာသီ လီဂူးပြိုင်ပွဲရဲ့ အကောင်းဆုံး (၁၁)ယောက်ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရ သလို၊ ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ အကောင်းဆုံးတစ်ဦးချင်းဆုတွေကိုလည်း ချာကီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ဇွန်လမှာ ယှဉ်ပြိုင်ကစားမယ့် UEFA Nations League ဗိုလ်လုပွဲအတွက် ပြင်သစ်လူစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချာကီရွေးချယ်ခံခဲ့ရတယ်။

လိုင်ယွန်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ချာကီဟာ ၂၀၁၉ ခုနှစ်ကတည်းက ပရိုကစားသမားဘဝကို စတင်ခဲ့သူပါ။ အဲဒီအချိန်က (၁၆) နှစ်အရွယ်သာရှိသေးတဲ့ ချာကီကို ပြင်သစ်လီဂူးမှာ ဘယ်သူ့မှ သတိမထားမိခဲ့ကြဘူး။ သူကိုယ်တိုင်လည်း ပရိုကစားသမားဘဝမှာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ ပထမဆုံးရာသီမှာ လိုင်ယွန်အသင်းအတွက် လီဂူး (၆)ပွဲသာ ကစားခွင့်ရခဲ့ပေမဲ့ ချာကီစိတ်မပျက်ခဲ့ပါဘူး။ အခွင့်အရေးရလာမယ့်အချိန်တွေကို စိတ်ရှည်ရှည်နဲ့ ချာကီ စောင့်ခဲ့တယ်။ နောက်ပိုင်းမှာတော့ လိုင်ယွန်ရဲ့ အဓိက ကြယ်ပွင့်အဖြစ် ချာကီကို မြင်လာရတယ်။ လိုင်ယွန်ကြယ်ပွင့်တိုက်စစ်မှူး လာကာဇက်ကိုယ်တိုင် ချာကီကို အရည်သွေးမြင့် ကွင်းလယ်ကြယ် ပွင့်တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ဖူးတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ ချာကီဟာ လိုအပ်ရင်တောင်ပံမှာလည်း ထွက်ကစားနိုင်တယ်။ သူက မြန်နှုန်းမြင့်တယ်။ Dribbling စွမ်းဆောင်ရည်ကောင်းကိုလည်း ပြသနိုင်တယ်။ ဘယ်ခြေသန်ကစားသမားဖြစ်ပြီး (၁၈) ကိုက်စည်းအတွင်းတိကျတဲ့ ကန်ချက်တွေနဲ့လည်း ချာကီ ဂိုးသွင်းလေ့ရှိပါတယ်။ လိုင်ယွန်ပရိသတ်တွေကတော့ ပြင်သစ်စီနီယာကစားသမား ဂရီးဇ်မန်းနဲ့ ချာကီကို ခိုင်းနှိုင်းကြပါတယ်။ ချာကီတစ် ယောက် ဂရီးဇ်မန်းလိုတောက်ပလာမလားဆိုတာကတော့ အချိန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

ချာကီအတွက် လိုင်ယွန်အသင်းလိုအပ်နေတဲ့ ပြောင်းရွှေ့ကြေးက ယူရိုသန်း(၄၀)ပါ။ ဒီနှုန်းထားက မော်ဒန်ခေတ်ဘောလုံးအသိုင်းအဝန်းမှာ (၂၁)နှစ်အရွယ်ကစားသမားတစ်ယောက်အတွက် များပြားလွန်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ချာကီကို ဥရောပထိပ်သီးအသင်းတွေ စိတ်ဝင်စားနေကြတာပါ။ သူကိုယ်တိုင်ကလည်း ပြင်သစ်မြေကို စွန့်ခွာတော့မယ်လို့ ဆိုထားပေမဲ့ အသင်းသစ်နဲ့ချိတ်ဆက်မှုတွေကိုတော့ ဖွင့်ဟခဲ့ခြင်းမရှိသေးပါဘူး။ ချာကီတစ်ယောက် ဘယ်လိုထိပ်သီးအသင်းကို ပြောင်းရွှေ့ ခွင့်ရသွားမလဲဆိုတာကိုတော့ ....

FACT FILE
အမည် - အာယန်ချာကီ
မွေးသက္ကရာဇ် - ၁၇-၈-၂၀၀၃ (၂၁ နှစ်)
အရပ် - (၅)ပေ၊ (၈)လက်မ
နိုင်ငံ - ပြင်သစ်
ကစားသည့်နေရာ - ကွင်းလယ်တိုက်စစ်၊ တောင်ပံ
ကလပ် - လိုင်ယွန်

မူရင်းသတင်း — Eleven Media Group