
အင်တာမိုင်ယာမီဝါရင့်တိုက်စစ်မှူး မက်ဆီက မိမိ၏ကစားသမားဘဝတစ်လျှောက် အကြိုက်ဆုံးသွင်းဂိုးအဖြစ် ၂၀၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းဘက်သို့ ခေါင်းတိုက်သွင်းယူခဲ့သည့်ဂိုးကို ရွေးချယ်ခဲ့သည်။
အသက် (၃၇) နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် ကစားသမားဘဝတွင် ကလပ်အသင်းများနှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် ဂိုးပေါင်း (၈၆၀) သွင်းယူထားသည်။
၎င်းသည် ESPN သတင်းဌာနနှင့်တွေ့ဆုံရာတွင် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသွင်းဂိုးအဖြစ် ၂၀၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းဘက်သို့ သွင်းယူခဲ့သည့် ခေါင်းတိုက်ဂိုးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘာစီလိုနာနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ တွေ့ဆုံခဲ့ပြီး ဘာစီလိုနာအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါစဉ်၏ ပွဲချိန် (၇၀) မိနစ်တွင် မက်ဆီသည် ဘာစီလိုနာအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
မက်ဆီက "ကျွန်တော် ဂိုးပေါင်းများစွာ သွင်းယူခဲ့ပါတယ်။ အဲဒီဂိုးတွေထဲမှာ ပိုလှတဲ့ ဂိုးတွေရှိသလို၊ ပိုပြီးအရေးကြီးတဲ့ ဂိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ဘက်ကို သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးကတော့ ကျွန်တော့်အတွက် အမြဲတမ်းအကြိုက်ဆုံးဂိုး ဖြစ်နေမှာပါ"ဟု ပြောကြားခဲ့သည်။