Myanmar Transparency News

လိုက်ထရက်နဲ့ ဟိုက်ဂျက်ယာဉ် မျက်နှာချင်းဆိုင်တိုက်ရာက တစ်ဦးသေ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ

၂၄.၅.၂၀၂၅
Written by Hey Mar

ဟိုက်ဂျက်ယာဉ်နဲ့ လိုက်ထရက်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာက တစ်ဦးသေဆုံးကာ၊ တစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၂၃ ရက်နေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က မေလ ၂၃ ရက် မနက် ၅နာရီခန့်က မော်လမြိုင်-မုဒုံလမ်းမကြီး၊ ရွှေနတ်တောင်ကျောင်းအနီး ရခိုင်ကုန်း လယ်ကွင်းရှေ့မှာ ကား(၂)စီး တိုက်မိပြီးယာဉ်မောင်းနှစ်ဦးစလုံး ဒဏ်ရာရရှိကာ ယာဉ်မောင်း ၁ ဦး ညပ်နေကြောင်း တာဝန်သိပြည်သူတချို့က ဖုန်းဆက်သွယ် အကြောင်းကြားတာကို စက်လိုင်းကနေ သတင်းရရှိတာ‌ကြောင့် လူမှုကူညီ‌ရေး အသင်းတချို့ ထွက်ခွာ ကူညီခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို ရွှေနတ်တောင် Rescue အဖွဲ့နဲ့ ရာမည Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိကူညီခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ကား ခေါင်းခန်းအတွင်းညပ်ကာ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရာမညမြေ လူမှုကယ်ဆယ်ရေးအဖွဲ့က ကားအစိတ်အပိုင်းတချို့ ဖြတ်တောက်ကာ ထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

အသက်ရှင်လျက် ပြင်းထန်ဒဏ်ရာ‌တွေ ရရှိထားတဲ့ လိုက်ထရက်ယာဉ်ပေါ်မှာ အသက်လေးဆယ်ဝန်းကျင် အမျိုးသားကိုတော့ ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့က မြေပြင်မှာပြုစုပေးကာ မော်လမြိုင်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News