Eleven Media Group

■  ပရီးမီးယားလိဂ် အကောင်းဆုံးဆုကစားသမားဆုကို ဆာလာအပါအဝင် နှစ်ကြိမ်စီဖြင့် အများဆုံးရရှိသည့် ကစားသမား ငါးဦးအထိရှိနေ

Photo: Liverpool FC

၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုကစားသမားဆုကို ဆာလာအပါအဝင် နှစ်ကြိမ်စီဖြင့် အများဆုံးရရှိသည့် ကစားသမား ငါးဦးအထိရှိနေကြောင်း သိရသည်။

ဆာလာသည် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ် (၂၀၁၇-၂၀၁၈၊ ၂၀၂၄-၂၀၂၅) ရရှိ ခြင်းဖြစ်ပြီး နှစ်ကြိမ်စီဖြင့် အများဆုံးရရှိထားသည့် ဒီဘရိုင်းနား၊ အွန်နရီ၊ ရော်နယ်လ်ဒို၊ ဗီဒစ်တို့နှင့် တူညီသွားပြီဖြစ်သည်။

ယင်းဆုကို လီဗာပူးလ်အသင်းကစားသမားများက လေးကြိမ်မြောက်ရရှိခြင်းဖြစ်ပြီး ၂၀၁၉-၂၀ မှ ၂၀၂၃-၂၄ အထိ ငါးရာသီဆက်တိုက် မန်စီးတီးကစားသမားများက လွှမ်းမိုးထားမှုကို အဆုံးသတ်နိုင်ခဲ့သည်။

အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာ (၃၂ နှစ်) သည် လီဗာပူးလ်အသင်း ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ရာသီပိတ်ပွဲစဉ် မတိုင်ခင်အထိ သွင်းဂိုး ၂၈ ဂိုး၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်ဖြင့် ကဏ္ဍနှစ်ခုစ
လုံးတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် ၎င်းအနေဖြင့် လီဗာပူးလ်အသင်းဖော် ဗန်ဒိုက်၊ ဂရာဗန်ဘက်ချ်၊ ဂစ်ဘ်ဝှိုက်၊ ခရစ္စဝုဒ်(နော်တင်ဟမ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ အီဆက်ခ်(နယူးကာဆယ်)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်) တို့ထက် မဲအရေ အတွက်အသာရခဲ့ခြင်းဖြစ်သည်။

ယင်းဆုကို ပရီးမီးယားလိဂ်၏ ဘောလုံးကျွမ်းကျင်သူများအဖွဲ့နှင့် ပရိသတ်များ၏ မဲပေးမှုကို ပေါင်းစပ်၍ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ဆာလာသည် ဘောလုံးကလောင်ရှင်များ အဖွဲ့ချုပ်(FWA)က ချီးမြှင့်သည့် အကောင်းဆုံးဆုကိုလည်း သုံးကြိမ်မြောက် ရရှိထားသည်။

ပရီးမီးယားလိဂ် အကောင်းဆုံးဆုနှစ်ခုစလုံးကို ချန်ပီယံ လီဗာပူးလ်အသင်းမှရရှိခဲ့ပြီး လူငယ်ကစားသမားဆုကို ဂရာဗန်ဘက်ချ် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
အကောင်းဆုံး လူငယ်ကစားသမားဆုရှင် နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ ဂရာဗန်ဘက်ချ် (၂၃ နှစ်)သည် အကောင်းဆုံးကစားသမားဆုဆန်ခါတင်စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

ဂရာဗန်ဘက်ချ်သည် ယခုရာသီတွင် ပြိုင်ဘက်ကစားသမားထံမှ ဘောလုံးကြားဖြတ်ရယူနိုင်မှု ၅၉ ကြိမ်ရှိပြီး ပရီးမီးယားလိဂ်ကွင်းလယ်လူများအနက် စွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်ခဲ့သည်။

ထို့ကြောင့် ဒီလပ်(အစ်ဝစ်ချ်)၊ အယ်လန်ဂါ(နော်တင်ဟမ်)၊ ဟူဆင်(ဘုန်းမောက်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဂျော်အိုပတ်ဒရို(ဘရိုက်တန်)၊ ရော်ဂျာစ်(ဗီလာ)၊ ဆာလီဘာ(အာဆင်နယ်)တို့ထက် မဲအသာရခဲ့ခြင်း ဖြစ်သည်။

လူငယ်ကစားသမားဆုကို ၂၀၁၉-၂၀ ရာသီမှ စတင်ချီးမြှင့်ခြင်းဖြစ်ပြီး အာနိုးလ်က ဆွတ်ခူးရရှိခဲ့သည်။

ထို့နောက် ၂၀၂၀-၂၁၊ ၂၀၂၁-၂၂ ရာသီတွင် ဖိုဒန်၊ ၂၀၂၂-၂၃ ရာသီတွင် ဟာလန်းနှင့် ၂၀၂၃-၂၄ ရာသီတွင် ပါလ်မာတို့ ရရှိခဲ့သည်။

မူရင်းသတင်း — Eleven Media Group