Eleven Media Group

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အပြီး၌ မန်ယူပရိသတ်များကို အာမိုရင်မ် တောင်းပန်စကားပြောကြားခဲ့ပြီး ကောင်းသောနေ့များ ရောက်ရှိလာမည်ဟု ကတိပြု

Photo: Getty Images

မန်ယူနည်းပြ အာမိုရင်မ်သည် ဆိုးရွားသည့်ရာသီနှင့် ရင်ဆိုင်ခဲ့ရခြင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အပြီး၌ ပရိသတ်များကို တောင်းပန်စကားပြောကြားခဲ့ပြီး ကောင်းသောနေ့များ ရောက်ရှိလာမည်ဟုလည်း ကတိပြုပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၁၅)နေရာဖြင့် အဆုံးသတ်ခဲ့ရပြီး ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုဖြစ်ခဲ့သည်။
ထို့ပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲ၌ စပါးအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားလက်မဲ့ရာသီအဖြစ်လည်း အဆုံးသတ်ခဲ့ရသည်။
ထို့ကြောင့် အာမိုရင်မ်က အက်စတွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီပိတ်နောက်ဆုံးပွဲစဉ်အပြီးတွင် ကွင်းအတွင်းမှနေ၍ ပရိသတ်များကို တောင်းပန်စကား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ဒီရာသီအတွက် တောင်းပန်လိုကြောင်း ပထမဆုံးပြောချင်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်အတွက်လည်း စိတ်ပျက်ရသလို၊ အသင်းအတွက်လည်း စိတ်ပျက်ရတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒုတိယတစ်ခုကတော့ ကျေးဇူးတင်ကြောင်း ပြောချင်တာပါ။ ရာသီတစ်လျှောက် ခင်ဗျားတို့ရဲ့ အားပေးမှုတွေကို ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်။ ဒါဟာ တကယ်ခက်ခဲမယ်ဆိုတာလည်း နားလည်ပါတယ်။ ပွဲပေါင်းများစွာမှာ ကျွန်တော်တို့ကို သည်းခံပြီးကြည့်ရှုနေရတာ ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ ရွေးချယ်မှုတစ်ခု လုပ်ရမှာပါ။ ဒီရာသီက အတိတ်ဖြစ်သွားပါပြီ။ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ အချင်းချင်းတိုက်ခိုက်နေမလား၊ အတူလက်တွဲပြီး ရှေ့ဆက်မလား။ လွန်ခဲ့တဲ့ (၆)လတုန်းက ကျွန်တော့်ရဲ့ ပထမဆုံး (၃)ပွဲမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့တော့ ကျွန်တော် ခင်ဗျားတို့ကို ပြောခဲ့ပါတယ်။ မုန်တိုင်း လာနေပြီလို့။ ဒီနေ့ ကပ်ဘေးဆိုက်တဲ့ရာသီနဲ့ ရင်ဆိုင်ရအပြီးမှာတော့ ကောင်းသောနေ့တွေ ရောက်ရှိလာတော့မယ်လို့ ခင်ဗျားတို့ကို ပြောချင်ပါတယ်။ ဒီအသင်းက ဘယ်လိုအခြေအနေမျိုးကိုမဆို၊ ဘယ်လိုဘေးဒုက္ခမျိုးကိုမဆို ကျော်လွှားနိုင်တဲ့ အသင်းဖြစ်ကြောင်း အတိတ်မှာ သက်သေပြထားပြီးသားပါ။ အဲဒါ ကျွန်တော်တို့ရဲ့အသင်းပါ။ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းပါ။ အခု ကျွန်တော့်ရဲ့ ကစားသမားတွေကိုလည်း တောင်းပန်ချင်ပါတယ်။ တစ်ခါတစ်ရံ ကျွန်တော် မမျှတသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း အဖြောင့်မတ်ဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ လာမယ့်ရာသီမှာ ပြန်တွေ့ကြမယ်''ဟု အာမိုရင်မ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်သည် မန်ယူအသင်းကို ၂၀၂၄ နိုဝင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
၎င်းကို မန်ယူပရိသတ်များက မျှော်လင့်ချက်များစွာ ထားရှိခဲ့သော်လည်း စံချိန်မှတ်တမ်းဆိုးများစွာနှင့် ရာသီအဆုံးသတ်ခဲ့ရသည်။
၎င်းလက်ထက် ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ (၄၂)ပွဲတွင် (၁၇)ပွဲ ရှုံးနိမ့်ခဲ့သည်။
၎င်း စတင်တာဝန်ယူစဉ်က ပရီးမီးယားလိဂ်အဆင့် (၁၃)နေရာတွင်ရှိနေသော မန်ယူအသင်းမှာ ရာသီကုန်တွင် အဆင့် (၁၅)နေရာသို့ ရောက်ရှိခဲ့ရသည်။
ထို့ပြင် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နှစ်ပွဲဆက်တိုက် အနိုင်ရယူနိုင်မှုမရှိခြင်းမှာလည်း ဆိုးရွားသည့်မှတ်တမ်းဖြစ်ခဲ့ပြီး အသင်း၏ သမိုင်းတစ်လျှောက် ယင်းကဲ့သို့ ကြုံတွေ့ရခြင်းမှာ ယခုရာသီအပါအဝင် စုစုပေါင်း(၃)ရာသီသာ ရှိခဲ့ဖူးကြောင်းလည်း သိရသည်။
သို့သော် မန်ယူအသင်းတာဝန်ရှိသူများက ၎င်းနှင့် ရှေ့ဆက်လက်တွဲသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group