Eleven Media Group

စီးရီးအေချန်ပီယံဆုကိုရယူပေးထားသည့် အသင်းနည်းပြ ကွန်တီအား အသင်းတွင် မပျော်ပါက ထွက်ခွာနိုင်ကြောင်း နာပိုလီဥက္ကဋ္ဌ သတိပေး

Photo: Getty Images

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က စီးရီးအေချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားသည့် အသင်းနည်းပြ ကွန်တီအား အသင်းတွင် မပျော်ပါက ထွက်ခွာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ကွန်တီသည် ယခုရာသီအစမှ နာပိုလီအသင်းကို (၃) နှစ်စာချုပ်ဖြင့် ကိုင်တွယ်ခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၂၃-၂၄ ရာသီက စီးရီးအေတွင် အဆင့် (၁၀) သာ ရရှိခဲ့သည့် နာပိုလီအသင်းကို ယခုရာသီတွင် စီးရီးအေချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
သို့သော် ကွန်တီသည် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်အပါအဝင် အသင်းဘုတ်အဖွဲ့နှင့် အဆင်မပြေဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထို့ပြင် ကွန်တီကိုုယ်တိုင်ကလည်း ယခုရာသီကုန်တွင် အသင်းမှထွက်ခွာနိုင်ကြောင်း မကြာခဏဆိုသလို ပြောကြားခဲ့သည်။
ယခုအခါ နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က ကွန်တီအနေဖြင့် မပျော်မရွှင်ဖြစ်နေပါက အသင်းမှ ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီလော်ရန်းတစ်က ''အိမ်ထောင်တစ်ခုမှာ မေးနိုင်တဲ့မေးခွန်းတစ်ခု ရှိပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က အဲဒီအခြေအနေမှာ မပျော်ဘူးဆိုရင် မြင်ကွင်းကို ပြောင်းလဲဖို့ လိုပါတယ်။ စပယ်လက်တီ လုပ်ခဲ့သလိုပေါ့''ဟု ပြောကြားခဲ့သည်။
နာပိုလီနည်းပြဟောင်း စပယ်လက်တီသည် ၂၀၂၂-၂၃ ရာသီတွင် နာပိုလီအသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးပြီးနောက် အသင်းနှင့်လမ်းခွဲခဲ့သည်။
ထို့ကြောင့် ဒီလော်ရန်းတစ်က စပယ်လက်တီအား ဥပမာပေးကာ ကွန်တီကို သတိပေးခဲ့ခြင်းဖြစ်သည်။
ကွန်တီသည် လာမည့်ရာသီတွင် အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည်ကိုင်တွယ်လိုနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group