Eleven Media Group

ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု၊ ဂိုးဖန်တီးရှင်ဆုနှင့် အကောင်းဆုံးကစားသမားဆု (၃)မျိုးစလုံးကို တစ်ရာသီအတွင်း ရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်

Photo: Premier League

လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု၊ ဂိုးဖန်တီးရှင်ဆုနှင့် အကောင်းဆုံးကစားသမားဆု (၃)မျိုးစလုံးကို တစ်ရာသီအတွင်း ရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အီဂျစ်ကစားသမား ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး(၂၉)ဂိုးဖြင့် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု(၁၈)ကြိမ်ဖြင့် ဂိုးဖန်တီးရှင်ဆုတို့ ရယူနိုင်ခဲ့သည့်အပြင် အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ခြင်းဖြစ်သည်။
ယခင်က ဂိုးသွင်းဘုရင်ဆုနှင့် ဂိုးဖန်တီးရှင်ဆုများအား တစ်ရာသီအတွင်း တစ်ပြိုင်နက်ရယူနိုင်သည့် ကစားသမား ရှိခဲ့ဖူးသော်လည်း အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်သည့် ကစားသမားမှာမူ မရှိခဲ့ဖူးပေ။
ထို့ကြောင့် ဆာလာက ပရီးမီးယားလိဂ်သမိုင်း၌ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆာလာသည် ၂၀၂၁-၂၂ ရာသီတွင်လည်း ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုနှင့် ဂိုးဖန်တီးရှင်ဆုများကို ရယူနိုင်ခဲ့ဖူးသည်။
၎င်းနည်းတူ ယင်းကဲ့သို့ ရယူနိုင်ခဲ့သည့်အခြားကစားသမားမှာ စပါးတိုက်စစ်မှူးဟောင်း ဟာရီကိန်းဖြစ်ပြီး ၂၀၂၀-၂၁ ရာသီ၌ (၂၃)ဂိုးသွင်း၊ (၁၄)ဂိုး ဖန်တီးကာ ဆုနှစ်ခုစလုံး ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
အန်ဒီကိုးလ်(နယူးကာဆယ်)နှင့် ဟက်ဆယ်ဘိန့်(လိဒ်စ်) တို့မှာမူ ၁၉၉၃-၉၄ ရာသီနှင့် ၁၉၉၈-၉၉ ရာသီတို့တွင် ဂိုးသွင်းအများဆုံးနှင့် ဂိုးဖန်တီးမှုအများဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ဂိုးဖန်တီးရှင်ဆုကို ၂၀၁၇-၁၈ ရာသီတွင်မှ စတင်ချီးမြှင့်ပေးအပ်ခြင်းဖြစ်သောကြောင့် အကျုံးမဝင်ခြင်းဖြစ်ကြောင်း သိရသည်။
ဆာလာသည် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို (၄)ကြိမ်မြောက် ရရှိခြင်းဖြစ်၍ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ၏ အကြိမ်အများဆုံးရရှိသည့်စံချိန်ကို လိုက်မီသွားခဲ့သည်။
ဂိုးဖန်တီးရှင်ဆုကိုမူ ဒုတိယအကြိမ် ရရှိခြင်းဖြစ်၍ မန်စီးတီးကစားသမား ဒီဘရိုင်းနား(၃ ကြိမ်) ၏နောက် ဒုတိယအများဆုံးကစားသမား ဖြစ်လာခဲ့သည်။
ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု(၄၇)ဂိုး ရှိခဲ့သည့်အတွက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားများအဖြစ် စံချိန်တင်ထားသော အလန်ရှီးယားနှင့် အန်ဒီကိုးလ်တို့၏ စံချိန်ကိုလည်း လိုက်မီသွားခဲ့သည်။
သို့သော် အန်ဒီကိုးလ်နှင့် အလန်ရှီးယားတို့မှာ တစ်ရာသီ(၄၂)ပွဲ ယှဉ်ပြိုင်ကစားရသည့်အချိန်၌ အဆိုပါစံချိန်ကို ရယူခဲ့ခြင်းဖြစ်ပြီး ဆာလာမှာမူ တစ်ရာသီ (၃၈)ပွဲ ယှဉ်ပြိုင်ရသည့်ကာလ၌ ရယူခဲ့ခြင်းဖြစ်သောကြောင့် ပိုမိုပြောင်မြောက်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group