
MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက ကြီးမှူးကျင်းပသည့် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၏ အဓိကတွဲဆိုင်းများတွင် ထွန်းတောက်မင်း၊ ရာမာဉ် နှင့် ထွန်းမင်းနိုင်တို့ သုံးဦးစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
MFC မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းသည် မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ပြီးခဲ့သည်မေ ၂၅ ရက်က ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင်ခဲ့ပြီး မြန်မာနှင့် ထိုင်းဖိုက်တာများ ထိုးသတ်သည့် တွဲဆိုင်းနှစ်ဆိုင်း အပါအဝင် အဓိကတွဲဆိုင်း သုံးဆိုင်း ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သုံးချီစိန်ခေါ်ပွဲ ငါးဆိုင်း၊ လေးချီ စိန်ခေါ်ပွဲ လေးဆိုင်းနှင့် ငါးချီ စိန်ခေါ်ပွဲ သုံးဆိုင်း ထည့်သွင်းကျင်းပသွားခဲ့ကြောင်း သိရသည်။
လေးချီစိန်ခေါ်ပွဲများအဖြစ် ကြယ်တစ်ပွင့်နှင့် နိုင်ဝင်းထွန်းတို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် နိုင်ဝင်းထွန်းက ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဝီသောဒိုနှင့် အောင်ကောင်းကျော် ယှဉ်ပြိုင်ထိုးသတ်ရာတွင် ဝီသောဒိုက ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြလုံးချောနှင့် စောမင်းနိုင်၊ စိန်လုံးချောနှင့် သွေးသစ်မောင်တို့၏ ပွဲများမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဆိုင်ထိုးပြိုင်ထိုးဖြင့် ပွဲကောင်းများ ဖြစ်ခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။
ထို့နောက် အဓိကတွဲဆိုင်းများအဖြစ် ငါးချီစိန်ခေါ်ပွဲ သုံးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ပထမပွဲတွင် ရွှေခါးပတ်ချန်ပီယံဟောင်း ၀ါရင့်ဖိုက်တာ ကျော်ဇင်လတ်နှင့် လူငယ်တက်လူ ထွန်းတောက်မင်းတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ကျော်ဇင်လတ်သည် နှစ်ပေါင်းများစွာ ပွဲဝေးနေမှုနှင့် အသက်ကွာဟမှုကြောင့် ပထမအချီမှာတင် ထွန်းတောက်မင်းကို အရှုံးပေးခဲ့ရသည်။
ဒုတိယပွဲအဖြစ် မြန်မာဖိုက်တာ ရာမာဉ်နှင့် ထိုင်းဖိုက်တာ ဖာမီချိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ဖာမီချိုင်းသည် ပွဲနီးမှ အစားထိုးဝင်ရောက်ထိုးသတ်ရခြင်းကြောင့် ပြင်ဆင်ချိန်မရရှိခဲ့ဘဲ သွေးသစ်ဝင်းလှိုင်အား အစီးသရေ ထိုးသတ်ခဲ့စဉ်က လက်ရည်များ ပျောက်ဆုံးနေခဲ့သည်။
ရာမာဉ်နှင့် ဖာမီချိုင်းမှာ ကြံ့ခိုင်မှု၊ သက်လုံ၊ လက်ရည် အစစကွာဟလွန်းနေသောကြောင့် ကြိုးဝိုင်းဒိုင်က ပထမအချီ မပြီးဆုံးခင်မှာပင် ရာမာဉ်ကို အနိုင်ပေးခဲ့သည်။
နောက်ဆုံး အဓိကခေါင်ပွဲအဖြစ် မြန်မာဖိုက်တာ ထွန်းမင်းနိုင်နှင့် ထိုင်းဖိုက်တာ ဗီနွတ်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ထိုင်းဖိုက်တာ ဗီနွတ်သည် မြန်မာဖိုက်တာများဖြစ်သည့် ရဲသွေးနီ၊ အဲမွီတို့နှင့် လက်ရည်ညီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသူဖြစ်သည်။
ပထမအချီတွင် နှစ်ဦးစလုံး သတ်လုံးသတ်ပေါက်စုံလင်စွာဖြင့် အပြန်အလှန်ထိုးသတ်နိုင်ခဲ့သော်လည်း ထိုင်းဖိုက်တာ ဗီနွတ်မှာ အမှတ်စဉ်တစ်ကြိမ် ရေခံခဲ့ရသည်။
ဒုတိယအချီတွင် ထွန်မင်းနိုင်က တိုက်စစ်ပိုဖွင့်ထိုးလာခဲ့သောကြောင့် ထိုင်းဖိုက်တာဗီနွတ်မှာ နောက်ထပ် အမှတ်စဉ်နှစ်ကြိမ် ရေတွက်ခံခဲ့ရ၍ အရှုံးပေးခဲ့ရသည်။