Eleven Media Group

ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ထိုးသတ်ရမည့်ပွဲအတွက် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန် အောင်လအန်ဆန်နှင့် လေ့ကျင့်နေ

Photo: joshua van Facebook

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည့်ပွဲအတွက် ကချင်တိုင်းရင်းသား ၀ါရင့် MMA ဖိုက်တာ အောင်လအန်ဆန်နှင့် လေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှူအာဗန်သည် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ 4 oz Fight Club တွင် အထိုင်ချ၍ လေ့ကျင့်နေခြင်းဖြစ်သည်။
ယခုအခါ ကချင်တိုင်းရင်းသား ၀ါရင့် MMA ဖိုက်တာ အောင်လအန်ဆန်သည် ၎င်းနေထိုင်ရာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှနေ၍ ဂျိုရှူအာဗန်၏ လေ့ကျင့်ရေးကလပ်ရှိရာ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ 4 oz Fight Club သို့ လာရောက်လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အောင်လအန်ဆန် လာရောက်လေ့ကျင့်ပေးနေမှုနှင့်ပတ်သက်၍ ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန်က ''အတွေ့အကြုံ အများကြီးရှိတဲ့ ကျွန်တော့်ရဲ့ အစ်ကိုဖြစ်သူ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် အောင်လအန်ဆန်ဆီက သင်ယူခွင့်ရတဲ့အတွက် သူ့ကို အများကြီး ကျေးဇူးတင်ပါတယ်''ဟု သူ၏ Facebook လူမှုကွန်ရက်မှနေ၍ ရေးသားခဲ့သည်။
ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန်သည် လာမည့် ဇွန် ၇ ရက်တွင် ကျင်းပမည့် UFC 316 ပြိုင်ပွဲ၌ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် UFC 316 ပြိုင်ပွဲကို လာမည့် ဇွန် ၇ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်ရှိ နီဝက်မြို့တွင် ကျင်းပမည်ဖြစ်သည်။
UFC ပရိုမိုးရှင်းသည် ဂျိုရှူအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားတို့၏ တွဲဆိုင်းကို ယခင်က စီစဉ်ခဲ့ဖူးသော်လည်း ဘရူနိုဒါဆေးလ်ဗား နုတ်ထွက်သွားသောကြောင့် ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ယခုအခါ UFC ပရိုမိုးရှင်းက ယင်းတွဲဆိုင်းကို ပြန်လည်စီစဉ်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် UFC ဖလိုင်းဝိတ်တန်း၌ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားမှာ အဆင့်(၁၂)၊ ဂျိုရှူအာဗန်မှာ အဆင့်(၁၄) နေရာတွင် သတ်မှတ်ခံထားရကြောင်း သိရသည်။
ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၁၅ ပွဲထိုးသတ်ထားရာ ၁၃ ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။
ဂျိုရှူအာဗန်သည် UFC နှင့် လက်တွဲပြီးနောက် (၇)ပွဲထိုးသတ်ထားရာ (၆) ပွဲအနိုင်ရရှိထားပြီး တစ်ပွဲသာရှုံးပွဲကြုံတွေ့ထားသည်။
ဂျိုရှူအာဗန်နှင့်ထိုးသတ်မည့် ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားသည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ ၂၃ ပွဲထိုးသတ်ထားရာ ၁၄ ပွဲနိုင်၊ ၆ ပွဲရှုံး၊ နှစ်ပွဲသရေကျပြီး တစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံထားရကြောင်း သိရသည်။
ဘရူနိုဒါဆေးလ်ဗားသည် UFC နှင့် လက်တွဲပြီးနောက် (၈)ပွဲထိုးသတ်ထားရာ (၄) ပွဲနိုင်၊ (၃) ပွဲရှုံး၊ တစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံထားရသည်။

မူရင်းသတင်း — Eleven Media Group