Myanmar Transparency News

အသက်နှစ်ဆယ်နီးပါးငယ်ရွယ်ကာ အသက်အရွယ်ကွာဟတဲ့ ဇနီးက အွန်လိုင်းရည်းစားထားလို့ ဓာတ်ဆီနဲ့လောင်းကာ မီးရှို့မှု ပဲခူးမှာ ဖြစ်ပွား

၂၇.၅.၂၀၂၅
Written by Hey Mar

အသက်ငယ်ရွယ်တဲ့ ဇနီးက အွန်လိုင်းပေါ်ကနေ နောက်ထပ်ချစ်သူရည်းစားထားလို့ဆိုကာ လက်ရှိလင်ယောက်ျားဖြစ်သူက ဓာတ်ဆီနဲ့လောင်းကာ မီးရှို့မှု ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ပဲခူးတိုင်း သနပ္ပင်မြို့နယ် မကြက်စုကျေးရွာမှာ ညဉ့်နက်ချိန်အတွင်း ဖြစ်ပွားခဲ့ပြီး ဓာတ်ဆီလောင်း မီးရှို့ခံရသူ အမျိုးသမီးမှာ မသူသူစံ အသက် (၁၈)နှစ်လို့ သိရပါတယ်။ ပေါင်လည်မှစကာ ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးမီးလောင်ဒဏ်ရာတွေရရှိထားပြီး ပဲခူးမြို့၊ ပြည်သူ့ဆေးရုံမှာတက်ရောက်ကုသမှုခံယူနေရပြီး ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် စကားပြောနိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

မသူသူစံနဲ့ သူ့ရဲ့လင်ယောက်ျားဖြစ်သူက အသက်နှစ်ဆယ်နှစ်နီးပါး အသက်အရွယ်ကွာဟချက်ရှိ‌နေပြီး လင်‌ယောက်ျားဖြစ်သူ ကျော်လင်းသိန်းမှာ ၃၇ နှစ်အရွယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှ မသူသူစံကို ဓာတ်ဆီနဲ့ လောင်းကာ မီးရှို့ခဲ့တဲ့ကျော်လင်းသိန်း (၃၇) နှစ် (ဘ)ဦးမြဝင်း၊ ဗမာ/ဗုဒ္ဓ၊ လက်သမား သမားအလုပ် လုပ်ကိုင်သူကို သနပ်ပင်မြို့မရဲ့စခန်းက (ပ)၆၁/၂ဝ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အမှုရေးဖွင့် ဆောင်ရွက်နေကာ ပြစ်မှုကျူးလွန်သူမှာ တိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News