Myanmar Transparency News

မန္တလေးမြို့လယ်က Cowboy Bar တွင် မီးလောင်၍ အမျိုးသမီး ၄ ဦး သေဆုံးမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွား

၂၈.၅.၂၀၂၅
Written By Zun

မန္တလေးမြို့လယ်က Cowboy Bar တွင် မီးလောင်၍ အမျိုးသမီး ၄ ဦး သေဆုံးမှု ယနေ့ မေလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ Bar မှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားတွင်ရှိပြီး မီးလောင်မှုအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

“မနက်က ၉ နာရီ ခွဲကျော်ပြီ။ မီးခိုးတွေထွက်လာလို့ မီးသတ်ကို ဖုန်းဆက်အကြောင်းကြားကြရတာပေါ့။ အထဲမှာ အမျိုးသမီးလေးယောက်အလောင်းကို တွေ့တယ်။ သူတို့က မီးခိုးကြောင့်သေတာဖြစ်မယ်လို့ ကောက်ချက်ချထားတယ်။ စစ်နေကြတယ်ဗျ”ဟု မန္တလေးမြို့ခံတစ်ဦးက MT News ကိုပြောသည်။

ယင်းမီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံမီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်ခဲ့သောကြောင့် ၁၀ နာရီကျော်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာတွင်တွေ့သည့် အမျိုးသမီးရုပ်အလောင်း ၄ လောင်းကို မန္တလေးဆေးရုံကြီးသို့ပို့ဆောင်၍ စစ်ဆေးဆောင်ရွက်မှုများဆက်လက်လုပ်ဆောင်နေကြကြောင်းသိရသည်။

Photo -Than Htay

မူရင်းသတင်း — Myanmar Transparency News