Myanmar Transparency News

ဆိုင်ဝန်ထမ်းအမျိုးသမီးလေးဦးသေဆုံးခဲ့သော Cow Boy Bar မီးလောင်မှု ပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီးလောင်သည်ဟု စစ်ဆေးတွေ့ရှိ

၂၉.၅.၂၀၂၅
Written by KL

ယမန်နေ့ မေလ ၂၈ ရက် နံနက် ၉ နာရီ ၄၇ မိနစ်ခန့်က ဆိုင်ဝန်ထမ်းအမျိုးသမီးလေးဦး သေဆုံးခဲ့သော မန္တလေးမြို့လယ်ရှိ Cow Boy Music Bar မီးလောင်မှုမှာ ပလပ်ခုံရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အလျား ၄၅​ ပေ၊ အနံ ၂၅ ပေရှိ Steel Structure တစ်ထပ်အဆောက်အအုံတွင် ဖွင့်လှစ်ထားသော Cow Boy Music Bar မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို အကြီးစားပြင်ဆင်နေစဥ် အဆောက်အအုံ၏ သံတိုင်များကို ဝရိန်ဆော်ရာမှ ဂဟေပုံးသို့ သွယ်တန်းထားသည့် ပလပ်ခုံရှော့ခ်ဖြစ်၍ အနီးရှိ အသံလုံဖော့ပြားများ၊ ဆိုဖာများကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မိနစ် ၃၀ ခန့်ကြာမြင့်သော မီးလောင်မှုကြောင့် ဆိုင်သုံးပစ္စည်းများ၊ ဆိုဖာများ၊ အသံလုံဖော့ပြားများ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးအိပ်ဆောင်အတွင်းရှိ အမျိုးသမီးလေးဦး သေဆုံးခဲ့သည်။

သေဆုံးခဲ့သူများမှာ အသက် ၃၀ အရွယ် မန်နေဂျာ မသူဇာလင်း၊ အသက် ၂၁ နှစ်အရွယ် ဧည့်ကြိုဝန်ထမ်း မဆောင်းနှင်းဖြူ၊ အသက် ၂၆ နှစ်အရွယ် အကင်ဝန်ထမ်း မသဲစုလှိုင်၊ အသက် ၂၃ နှစ်အရွယ် မခက်ခက်ခိုင်တို့ဖြစ်ကြောင်း သိရသည်။

ဆိုင်ဝန်ထမ်းအမျိုးသမီးလေးဦးသေဆုံးခဲ့သော မီးလောင်မှုကြောင့် ဂဟေဆော်သည့် အဖွဲ့ခေါင်းဆောင် ဦးတင့်နိုင်ထွန်းကို အမှတ် (၈)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News