Myanmar Transparency News

အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်မှု မော်လမြိုင် ကော့စိန်ရွာတွင်ဖြစ်ပွား၊ ကျူးလွန်သူ ၂ ဦးကို စစ်ဆေးလျက်ရှိ

၂၉.၅.၂၀၂၅
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုတ္တမတစ်ဖက်ကမ်း ကော့စိန်ရွာတွင် အသက် ၁၃ နှစ်အရွယ် မိန်းက​လေးငယ်ကို အဓမ္မပြုကျင့်ကာ လည်ပင်းလှီးသတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့၍ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကောင်မလေးက ကော့စိန်ရွာသူ။ ကော့ပေါက်ရွာအပိုင်ခြံထဲမှာ အသတ်ခံလိုက်ရတာ။ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့သူတွေကို သေဒဏ်ပေးသင့်တယ်။ ကြားကြားချင်း မယုံနိုင်ဘူး။ အရင်က တစ်ခါမှမဖြစ်ဖူးဘူး”ဟု ကော့စိန်ရွာသူတစ်ဦးကပြောသည်။

သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်မှုကြောင့် သေဆုံးနေသော မိန်းကလေးငယ်၏ ရုပ်အလောင်းကို မေလ ၂၇ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းမှာ ပုပ်ပွနေကြောင်း သိရသည်။

လတ်တလောတွင် ကျုးလွန်သူဟု ယူဆရသောအမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News