Myanmar Transparency News

အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးမှု မန္တလေးတွင်ဖြစ်ပွား

၂၉.၅.၂၀၂၅
Written By Zun

ယမန်နေ့ မေလ ၂၈ ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် ၅၅ လမ်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်လာသည့် PRADO ခဲရောင်ကားက ၅၅ လမ်းပေါ်ကို လမ်းဖြတ်ကူးသည့် အဆိုပါ အိုင်ယာလန်နိုင်ငံသား အမျိုးသားကို တိုက်မိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် Antony Darren ဟု နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည့် အိုင်ယာလန်နိုင်ငံသားမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရကာ အခင်းဖြစ်သည့် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အသက် ၃၂ အရွယ်အမျိုးသားအား ဖမ်းဆီး၍ အမှတ်(၉) မြို့မရဲစခန်းတွင် ချုပ်နှောင်ကာ ဥပဒေအရ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို အဖြူရောင်မေတ္တာရှင်လူမှုကူ‌ညီရေးအသင်းက မန္တလေးပြည်သူ့ဆေရုံးကြီးသို့ ပို့ဆောင်ထားကာ လက်ရှိတွင် မန္တလေးဆေးရုံကြီး အအေးတိုက်အတွင်း ထားရှိကြောင်းသိရသည်။

“နိုင်ငံခြားသားဖြစ်တဲ့အတွက် ဆက်သွယ်လုပ်ဆောင်ရမယ့်ကိစ္စတွေ မပြီးပြတ်သေးဘူး။ ဒါကြောင့် လောလောဆယ်အမှုကိုတည်ဆောက်ဆောင်ရွက်နေတယ်လို့ပဲ ပြောလို့ရပါမယ်”ဟု ရဲတပ်ဖွဲ့နီးစပ်သူက MT News ကိုပြောသည်။

မူရင်းသတင်း — Myanmar Transparency News