Myanmar Transparency News

မိုးမလင်းမီတွေ့ရသည့်အမျိုးသားကို လှည့်ကင်းအဖွဲ့က တွေ့ရှိစစ်ဆေးရာမှ စလော့ လောင်းကစားဂိမ်းများ ဖုန်းအတွင်းတွေ့ရှိသဖြင့် ဖမ်းဆီးအမှုဖွင့်မှု နေပြည်တော်တွင် ဖြစ်ပွား

၅. ၆. ၂၀၂၅
Written by Nay Moe

သန်းခေါင်ကျော်ပြီး မိုးမလင်းမီအချိန်တွင် တွေ့ရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှ စလော့ အွန်လိုင်းလောင်းကစားဂိမ်းများ လောင်းကစားပြုလုပ်သူဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူလိုက်မှု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
   
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက် နံနက် ၃ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရွှေတွင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သိုက်ချောင်းကျေးရွာအနီး သိုက်ချောင်းလမ်းဆုံ၌ မသင်္ကာဖွယ်တွေ့ရှိသူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာနေ သန့်ဇင်ကိုကို(၂၃)နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သော ဖုန်းအတွင်းမှ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ Zing Gyi Betting အမည်ဖြင့် Online Slot game၊ ဘောလုံးလောင်းကစားနှင့် သုံးလုံးထီလောင်းကစားများအား Online လောင်းကစားပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရသည်။

ထို့ကြောင့် သန့်ဇင်ကိုကိုအား ရွှေတွင်းကုန်းမြို့မရဲစခန်းက (ပ)၁၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News