Myanmar Transparency News

၁၂ဘီးကားနှင့် ဆိုင်ကယ်တိုက်၍ အမျိုးသမီးကြီးတစ်ဦးသေဆုံးမှု မူဆယ်တွင် ဖြစ်ပွား

၆.၆.၂၀၂၅
Written by KL

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် – ကျင်းစန်းကျော့သွားလမ်းမကြီးပေါ် ဘုရားလေးကွေ့တွင် ဇွန်လ ၅ ရက် ညနေ ၅ နာရီခွဲခန့်က ၁၂ ဘီးကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့တိုက်မိရာမှ အမျိုသမီးကြီးတစ်ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု (၁၀၅) မိုင်ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်အမာကြည်ဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာစဥ် ကော်ပုံးများတင်ဆောင်လာသော ၁၂ ဘီးယာဥ်ဖြင့် တိုက်မိခဲ့ကြောင်း သိရသည်။ ယာဥ်တိုက်ခံရသူ အမျိုးသမီးကြီးမှာ ဦးခေါင်းနှင့်ခြေထောက်တို့တွင် ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“အကွေ့နေရာမှဖြစ်သွားတာ။ ကားလမ်းပေါ်မှာလည်း သွေးတွေနဲ့ ခြေထောက်မှာလည်း ဒဏ်ရာတွေတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးကြီး၏ ရုပ်အလောင်းကို ၎င်းနေထိုင်ရာ မူဆယ်မြို့နယ်၊ တောင်ရပ်ကွက်သို့ ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု(၁၀၅)မိုင်မှ အသင်းဝင်လေးဦးဖြင့် သွားရောက်ပို့​ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News