Myanmar Transparency News

မိတ္ထီလာက လူပျောက်ကြော်ငြာကာရှာဖွေနေတဲ့ ကိုးနှစ်အရွယ်သမီးငယ်ကို ရွာသင်္ချိုင်းအနီးတောစပ်မှာ ပုပ်ပွသေဆုံးလျက်သား ပြန်လည်တွေ့ရှိ

၁၁.၆.၂၀၂၅
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကွက်ငယ်အုပ်စု၊ စံပြဒဟတ္တန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျောက်ဆုံးခဲ့တဲ့ အသက် ၉ နှစ်အရွယ် သမီးငယ်ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ဆိတ်ကျောင်းသားတစ်ဦးကတွေ့ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ သတင်းပေးပို့ဆက်သွယ်လာခဲ့တယ်လို့ ပျောက်ဆုံးသမီးငယ်ရဲ့ မိသားစုဝင်တစ်ဦးထံကနေ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ သမီးငယ်က မနှင်းရတီလို့သိရှိရပြီး ဇွန်လ ၇ ရက် ညနေ ၃ နာရီအချိန်က အိမ်ကနေ ကျူရှင်တက်ဖို့ ထွက်သွားစဉ် ပျောက်ဆုံးနေတာကြောင့် မိသားစုက သက်ဆိုင်ရာထံ သတင်းပေးပို့တိုင်ကြားထားပြီး လူမှုကွန်ရက်ကနေတစ်ဆင့်လည်း ဖြန့်ဝေရှာဖွေနေတာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ မနှင်းရတီရုပ်အလောင်းကို သူတို့နေထိုင်တဲ့ စံပြဒဟတ္တန်းကျေးရွာရဲ့ သင်္ချိုင်းကုန်းအနီး တောစပ်မှာ မသင်္ကာဖွယ် ဆာလာအိတ်အဖြူရောင်အတွင်း ပုပ်ပွလျက်သား ပြန်လည်တွေ့ရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

“အခုက ဆေးရုံမှာပါ။ ဆေးစစ်ချက်တွေလည်း မထွက်သေးပါဘူး။ ကလေးရဲ့ ဖိနပ်၊ အင်္ကျီ ဒါတွေပဲ အတည်ပြုရပါသေးတယ်။ နားတောင်းလေးဆင်ထားပါတယ် ကလေးကို။ အခုပြန်တွေ့တော့ ပါ မပါ မသိရသေးပါဘူး” လို့ မိသားစုဝင်ဖြစ်တဲ့ အမဖြစ်သူက MT News ကို ပြန်လည်ဖြေကြားပေးပါတယ်။

လက်ရှိမှာတော့ ရုပ်အလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ထားပြီး သက်ဆိုင်ရာကလိုအပ်တဲ့ ရင်ခွဲစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News