Myanmar Transparency News

သံတွဲထွေအုပ်ရုံးမှ မရမ်းကုန်းထွေအုပ်ရုံးသို့ စစ်ရှောင်ကာတွဲဖက်တာဝန်ထမ်းဆောင်သူ ထွေအုပ်စာရေးကို ရုံးအကူက ဓားဖြင့်ထိုးသတ်မှု ယနေ့ ဖြစ်ပွားခဲ့ဟု ဆို

၁၁. ၆. ၂၀၂၅
Written by Nay Moe

မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်အချိန်က ထွေအုပ်စာရေးကို တစ်ရုံးတည်းနေ ရုံးအကူက ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်တွင် သံတွဲခရိုင်ထွေအုပ်ရုံးမှ မရမ်းကုန်းမြိုနယ်ထွေအုပ်ရုံးသို့ စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေသော ဦးအောင်မြင့်မြတ်(၃၆ နှစ်)ကို တစ်ရုံးတည်းနေ နေ့စားရုံးအကူ ဦးကျော်စိုးမင်း (၅၃ နှစ်) က ယခင်ရက်ပိုင်းအတွင်း စကားများရန်ဖြစ်ထားသည်ကို မကျေနပ်သဖြင့် ဦးအောင်မြင့်မြတ်၏ ယာဘက်ရင်အုံကို ရုံးရှေ့တွင် ဓားဖြင့် လေးချက်ထိုးသတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျူးလွန်တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်း ဖမ်းဆီးနေသော်လည်း ဖမ်းဆီးနိုင်မှု မရှိသေးကြောင်း သိရသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်ကို ဆက်လက်အတည်ပြုစုံစမ်းနေပြီး ထပ်မံသိရှိရသည်ကို ပြန်လည်ဖော်ပြပေးမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News